သက်တံ့
၂. ၈. ၂၀၂၆
ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များသည် ယခု ၂၀၂၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သော အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးပေါင်း ၄၀,၀၀၀ ကျော်ပြုလုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ ၂,၀၀၀ ကျော် သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ရဝါပင်ဒီ(Rawalpindi) မြို့ရှိ စစ်ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သုံးတပ်ပေါင်းစုံ ပြန်ကြားရေးညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရီးဖ် ချောင်ဒရီက လုံခြုံရေးတပ်ဖွဲ့များသည် သောင်းကျန်းသူအဖွဲ့များကို အရှိန်အဟုန်မြှင့် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယင်းစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
”မည်သည့် အကြမ်းဖက်အဖွဲ့နှင့်မျှ ဆွေးနွေးညှိနှိုင်းစရာ မလိုပါ” ဟု ချောင်ဒရီက ပြောကြားခဲ့သလို “သူတို့မှာ လက်နက်ချခြင်း သို့မဟုတ် နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ခြင်းဆိုတဲ့ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်”ဟုလည်း ဆက်လက်ပြောခဲ့သည်။
စစ်တပ်၏ ကိန်းဂဏန်းများအရ ပါကစ္စတန်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း အကြမ်းဖက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂၈ ကြိမ် အပါအဝင် တိုက်ခိုက်မှုပေါင်း ၃,၁၄၅ ကြိမ်ဖြစ်ပွားခဲ့သည်။
တုံ့ပြန်သည့်အနေဖြင့် လုံခြုံရေးတပ်ဖွဲ့များသည် စစ်ဆင်ရေးပေါင်း ၄၀,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ရာ အနောက်တောင်ဘက် ပြည်နယ်ဖြစ်သော ဘာလိုချီစတန် (Balochistan) တွင် သတင်းအချက်အလက်အပေါ် အခြေခံသည့် စစ်ဆင်ရေးပေါင်း ၃၁,၀၀၀ ကျော် ဆင်နွှဲပြီး သောင်းကျန်းသူ ၂,၀၈၄ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ချောင်ဒရီက ပြောကြားခဲ့သည်။
ထို့အတူ အကြမ်းဖက်မှုများကြောင့် ပါကစ္စတန် ကြည်းတပ် တပ်ဖွဲ့ဝင် ၃၀၃ ဦး၊ ရဲတပ်ဖွဲ့ဝင်နှင့် အခြားဥပဒေစိုးမိုးရေး ဝန်ထမ်း ၁၉၄ ဦးနှင့် အရပ်သား ၃၂၂ ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ချောင်ဒရီက လူမှုကွန်ရက်များနှင့် နိုင်ငံတကာမီဒီယာအချို့တွင် ဘာလိုချီစတန်ပြည်နယ်၏ လုံခြုံရေးအခြေအနေကို အဆိုးမြင်ဖော်ပြမှုများကို ပယ်ချခဲ့ပြီး ပြည်နယ်အတွင်း အခြေအနေများ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်တပ်နှင့် အစိုးရသည် ဒေသခံပြည်သူများ အကျိုးခံစားခွင့်ရရှိစေမည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သူက ပြောဆိုခဲ့သည်။
”လူနည်းစု အခွင့်ထူးခံတွေနဲ့ ဆာဒါး (Sardar) မျိုးရိုးစဉ်ဆက် ဩဇာလွှမ်းမိုးတဲ့ ခေတ်ကာလ ကုန်ဆုံးသွားပါပြီ” ဟု သူက ပြောကြားခဲ့ပြီး ယခင်က ဒေသခံ အထက်တန်းလွှာများ ထိန်းချုပ်ထားသော သယံဇာတများကို လူထုတစ်ရပ်လုံး အကျိုးရှိအောင် အသုံးပြုသွားမည်ဟု ဆိုသည်။
သယံဇာတ ကြွယ်ဝပြီး ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အတွက် အဓိကကျသည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်သည် ခွဲထွက်ရေးသောင်းကျန်းမှုနှင့် ကာလရှည်ကြာ ရင်ဆိုင်နေရသော ဒေသတစ်ခု ဖြစ်သည်။
အာဖဂန် ဒုက္ခသည်များနှင့် ပတ်သက်၍ ချောင်ဒရီက ပါကစ္စတန်အနေဖြင့် တရားဝင် စာရွက်စာတမ်း မရှိသော အာဖဂန်နိုင်ငံသားများကို မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ယင်းမူဝါဒ စတင်ခဲ့ချိန်မှစ၍ အာဖဂန် အမျိုးသား ၂ ဒသမ ၆ သန်းခန့် အာဖဂန်နိစတန်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ယခုနှစ်အတွင်း၌ပင် ၆၀၀,၀၀၀ ခန့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သူက ဆိုသည်။
တရားဝင် ဗီဇာဖြင့် မှန်ကန်စွာ ဝင်ရောက်လာသည့် အာဖဂန်နိုင်ငံသားများကို ပါကစ္စတန်က ကြိုဆိုသော်လည်း နိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကိုမူ ဆက်လက်နေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်း စိစစ်အတည်ပြု ပြောကြားခဲ့သည်။
Ref: AA
