နေမိုး
၂. ၈. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချခဲ့မှုကြောင့် အပြစ်မဲ့ မိန်းကလေးငယ် တစ်ဦး သေဆုံးသွားခဲ့ရသည်။
KIA နှင့် PDF တို့ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချခဲ့ရာ ကျေးရွာရှိ တံတားအနီးသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေသည့် ငါးဘတ်ကြီးကျေးရွာနေ မမေပန်းချီဦး(၁၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး သေဆုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
