၁. ၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၇)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးပေါ်တွင် မော်တော်ယာဥ်တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက်၍ လမ်းဘေးရေမြောင်းထဲ ထိုးကျသဖြင့် ယာဥ်မောင်း အမျိုးသားတစ်ဦးသေဆုံးမှု ဇူလိုင်လ ၃၁ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အသက် ၃၅ နှစ်အရွယ် ဦးထွဋ်ခိုင်ဝင်းဆိုသူ မောင်းနှင်လာသော HYUN DAI GRAND STAREX ခဲရောင်မော်တော်ယာဥ်မှာ မောင်မကန်လမ်းမမှ ကျန်စစ်သားလမ်းဘက်သို့ အမှတ်( ၂)လမ်းမကြီးမှ မောင်းနှင်လာစဥ် လမ်းခုလတ်၌ အရှိန်လွန်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်၍ လမ်းဘေးရေမြောင်းထဲ ထိုးဆင်းခဲ့ပြီး ယာဥ်မောင်းမှာ ကားခေါင်းခန်းတွင် ညပ်နေခဲ့ခြင်းဖြစ်သည်။
ကားခေါင်းခန်းအတွင်း ညပ်ကာ သေဆုံးနေသော ယာဥ်မောင်းကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆယ်မိနစ်ကျော်ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ယာဥ်မောင်း အမျိုးသား၏ ရုပ်အလောင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်းမှ သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲဲ့ကြောင်း သိရသည်။


