MT News
၁. ၈. ၂၀၂၆
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် “Falcon Strike 2026” ပူးတွဲလေတပ်လေ့ကျင့်မှုကို ထိုင်းနိုင်ငံ၌ ယခု သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် လေယာဉ်အမျိုးအစားများစွာနှင့် အစင်းရေများစွာကို အဆိုပါလေ့ကျင့်မှုအတွက် စေလွှတ်မည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက လေကြောင်းရန်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါပူးတွဲလေ့ကျင့်မှုမှာ နှစ်နိုင်ငံလေတပ်များအကြား ကိုးကြိမ်မြောက် လေ့ကျင့်ခြင်းအစီအစဉ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအစဉ်အလာနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်ဟုလည်း ကျန်က ပြောကြားခဲ့ကြောင်း သိရသည်။
Ref : Xinhua
