◾️ အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းကို ယခုအစိုးရသက်တမ်းအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်မည်ဖြစ်သလို ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကိုပါ လုပ်ဆောင်သွားမည်ဟုလည်း ပြောကြား
◾️ သစ်အဆွေးနှင့် ပန်းပုထုမရသလို တိုင်းပြည်မအေးချမ်းပါကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မရကြောင်းနှင့် စီမံကိန်းများ အောင်မြင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးက အခြေခံအကျဆုံး လိုအပ်ချက်ဟုပါ သတိပေး
သတိုး
၃၁. ၇. ၂၀၂၆
မြန်မာနိုင်ငံသည် ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သွားလာနိုင်သည့် နေရာတွင် တည်ရှိနေသလို ပထဝီအနေအထားအရ အာရှတိုက်၏ အင်အားကြီးနိုင်ငံများအကြား ဗဟိုချက်မတွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှုတံတားအဖြစ် ဖော်ဆောင်ရေးမှာ လက်ရှိအစိုးရအဖွဲ့၏ ကြီးမားသည့် မဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှေ့နဲ့ အနောက်ခြမ်းကို သွားလာနိုင်မယ့် နေရာမှာ ရှိနေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ အာရှတိုက်ရဲ့ အင်အားကြီးနိုင်ငံများကြား ဗဟိုချက်မမှာ တည်ရှိနေတဲ့အတွက် ဒေသတွင်းကုန်သွယ်မှုတံတားအဖြစ် ဖော်ဆောင်ရေးဟာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ပေါက်ရောက်နေပြီး ပင်လယ်ကမ်းရိုးတန်းအရှည် ၂၁၃၈ ကီလိုမီတာရှိသလို ဒေသတွင်းအာဆီယံနိုင်ငံများထဲမှာလည်း ကုန်းတွင်းဧရိယာအများဆုံးနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားတဲ့ မဟာဗျူဟာမြောက်အနေအထားတစ်ခုကို ပိုင်ဆိုင်ထားပြီး အရှေ့အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံကို ဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသော ကုန်းလမ်းပို့ဆောင်ရေး Check Point နိုင်ငံအဖြစ်လည်း တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့လုံခြုံရေးအခင်းအကျင်းအရ ရေကြောင်းသွားလာမှု ကန့်သတ်အခြေအနေဖြစ်ပေါ်လာနိုင်တာမျိုးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှေ့နဲ့ အနောက်ခြမ်းကို သွားလာနိုင်မယ့် ရှိနေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ အာရှတိုက်ရဲ့ အင်အားကြီးနိုင်ငံများကြား ဗဟိုချက်မမှာ တည်ရှိနေတဲ့အတွက် ဒေသတွင်းကုန်သွယ်မှုတံတားအဖြစ် ဖော်ဆောင်ရေးဟာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဦးမော့လာစေဖို့အတွက် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမှာဖြစ်သလို ထွက်ရှိလာတဲ့ကုန်စည်တွေကိုလည်း နိုင်ငံတကာစျေးကွက်ကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာနဲ့ ပို့ဆောင်နိုင်ရေး မဟာဗျူဟာမြောက်လမ်းကြောင်းတွေကိုလည်း အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် အဆိုပါ မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုဖြစ်သည့် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်လမ်းမကြီး စီမံကိန်းကို အထူးအလေးထားဆောင်ရွက်နေသလို လက်ရှိအစိုးရသက်တမ်းအတွင်း ရာနှုန်းပြည့်ပြီးစီးသွားရန် မျှော်မှန်းဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့ကစတင်ကာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံရဲ့ မဲဆောက်မြို့နယ်အထိ စုစုပေါင်း ၈၄၅ မိုင်၊ ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှကို ချိတ်ဆက်ပေးမယ့် စီးပွားရေးစင်္ကြံတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်း အရှိန်အဟုန်ဖြင့် တိုးတက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) မှာ ပါဝင်တဲ့ တရုတ်မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း၊ ငွေဆောင်၊ ပုသိမ်၊ ရန်ကုန်၊ မြ၀တီလမ်းတို့ စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ဟာလည်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဘဏ္ဍာရေးစိန်ခေါ်မှုတို့ကြောင့် နှောင့်နှေးမှုများနဲ့ ကြုံခဲ့ရပေမယ့်လည်း အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

ထို့အပြင် BRI ၏ အဓိကစီမံကိန်းဖြစ်သည့် မန္တလေး – မူဆယ် ရထားလမ်းစီမံကိန်းမှာ မြန်မာနိုင်ငံ၏ မြောက်ဘက်စီးပွားရေးတံခါးပေါက်ကို ဖွင့်လှစ်ပေးမည့် အသက်သွေးကြောလည်းဖြစ်ကြောင်းကိုလည်း ဦးမင်းအောင်လှိုင်က“မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးကနေ တရုတ်နိုင်ငံနဲ့နယ်စပ်ဒေသဖြစ်တဲ့ မူဆယ်အထိ ကီလိုမီတာ ၄၂၀ ရှည်လျားပြီး ခရီးသည်တင်ရထားတွေမှာ တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်း၊ ကုန်စည်ပို့ဆောင်ရေးအတွက် ကီလိုမီတာ ၁၂၀ နှုန်း မောင်းနှင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ နယ်စပ်စီမံကိန်းရထားလမ်းလည်းဖြစ်ပါတယ်။ မြန်မာ – တရုတ် ကုန်သွယ်မှုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို များစွာအရှိန်အဟုန်မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကြီးအောင်မြင်ဖို့အတွက်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရေးကလည်း အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်နေပါတယ်။ သစ်အဆွေးနဲ့ ပန်းပုထုလို့မရသလို တိုင်းပြည်မအေးချမ်းရင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အနှောင့်အယှက်မရှိ ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
