သတိုး
၃၁. ၇. ၂၀၂၆
ငွေကြေးကြွယ်ဝသူများအနေဖြင့် ဆူလွယ်နပ်လွယ် အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်မှုများတွင် အဓိက လုပ်ဆောင်နေမည့်အစား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကျင်းပသည့် အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၏”MSME နှင့်စီးပွားရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ”အကြောင်း ရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ထို့အပြင် လက်ရှိအခြေအနေတွင် ကုန်စျေးနှုန်း ကြီးမြင့်ရခြင်းမှာလည်း လောင်စာဆီစျေးနှုန်း မြင့်တက်ခြင်း၊ ထုတ်ကုန်ပစ္စည်းနည်းပါးခြင်း၊ ကုန်သွယ်လိုမှုလိုငွေများခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာခြင်းအပြင် အသုံးစရိတ်များပြားခြင်းနှင့် အထွေထွေကိစ္စရပ်များကြောင့်ပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“ဒီနေရာမှာ ကုန်ဈေးနှုန်းကြီးမြင့်ရတဲ့အကြောင်းရင်းတွေကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိက ကတော့ လောင်စာဆီစျေးနှုန်း စျေးတက်ခြင်း၊ ထုတ်ကုန်ပစ္စည်းနည်းပါးခြင်း၊ ကုန်သွယ်လိုမှုလိုငွေများခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာခြင်း၊ အသုံးစရိတ်များပြားခြင်းတို့ ကြောင့်ပင် ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ ကျောင်းတက်ဖို့၊ ဆေးကုဖို့၊ ဘုရားဖူးဖို့၊ အလည်အပတ်သွားဖို့စတဲ့ အထွေထွေကိစ္စတွေကလည်း နိုင်ငံခြားငွေသုံးစွဲမှုကို အထိုက်အလျှောက်များပြားစေပြီး ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှုကို ဖြစ်ပေါ်စေတဲ့ ပြည်တွင်းထုတ်ကုန်နည်းပါးပြီး သွင်းကုန်များပြားနေတာကလည်း တစ်ချက်ပါဝင်ပါတယ်။ ငွေကြေးကြွယ်ဝသူတွေဟာ ကုန်ထုတ်လုပ်မှုတွေ၊ လုပ်အားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစား ဆူလွယ်နပ်လွယ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေး၊ ရွှေ၊ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်မှုတွေမှာပဲ
အဓိက လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ငွေကြေးအရင်းအနှီးတတ်နိုင်သူ များအနေနဲ့ ဒီလိုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့်အစား စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြုပ်နှံသွားကြဖိုလည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်များကို ပြေလည်အောင် ဖော်ဆောင်ကာ နိုင်ငံနှင့် ကိုက်ညီသည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့အပြင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကို အရှိန်မြှင့် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
