၂၇.၇.၂၀၂၆
Written by NYL
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဇူလိုင် ၂၇ ရက်၊ နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်၍ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၏ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံအတွင်း ရောက်ရှိနေရာယူပြီးနောက် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “မြန်မာမျက်ရှု ပြည်သူ့ဝဇီရာ” သီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံဖွင့်လှစ်ခြင်းအပေါ် ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအား သမ္မတထံ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၏ သမိုင်းကြောင်းနှင့် ပြုပြင်မွမ်းမံမှုများပါဝင်သည့် မှတ်တမ်း ဗီဒီယို Clip ပြသခြင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ” ဒါပဲနော်အစ်ကို” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ခြင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက “သဘင်မဟာ ဝဇီရာ” တေးအော်ပရာဖြင့် ဂုဏ်ပြုတင်ဆက်ခြင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံးက ဂုဏ်ပြုတင်ဆက်ခြင်း၊ နိုင်ငံကျော်ရုပ်သေးပညာရှင်များက ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက ဂုဏ်ပြုတင်ဆက်ခြင်း၊ “တို့ဘိုးဘွားအမွေအနှစ်မို့” ပြဇာတ်ဖြင့် တင်ဆက်ခြင်း၊ “ပင်ချင်းယှက်၍ နွယ်ခြင်းခက်သော်” တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခြင်းတို့ဖြင့် အက၊ အလှ၊ အဆို၊အနုပညာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြားသံရုံးမှ ဖိတ်ကြားထားသူများ၊ အနုပညာရှင်များ၊ အဆိုပညာရှင်များ၊ အကပညာရှင်များ၊ ရုပ်သေးပညာရှင်များ၊ သဘင်ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် (၃၂၇) တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်ကတည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများအပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များဆုံစည်းရာနေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေရာများအဖြစ်ပါ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။






















