၂၂.၇.၂၀၂၆
Written by NYL
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်ပေါင်း ၆၀ အနက် တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန်မြို့နယ်များတွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ရက်ပေါင်း ၉၀ ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၃/၂၀၂၆ ဖြင့် ဇူလိုင် ၂၁ ရက်၊ ညပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးသည် ဧပြီလ ၂၃ ရက်တွင် အရေးပေါ်အခြေအနေကြေညာသည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၆ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းထုတ်ပြန်ကြေညာမှုအရ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ ထိရောက်စွာဆောင်ရွက်နိုင်ရန် အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂(က)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၀ တွင် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန်မြို့နယ်များအတွက် ဇူလိုင် ၂၁ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့၏ သဘောတူညီမှုဖြင့် ယင်းအမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) အရ ယနေ့မှစ၍ ရက်ပေါင်း (၉ဝ) အထိ ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၄ / ၂၀၂၆ ဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၃/၂ဝ၂၆) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်ကြောင်းနှင့် ယခုအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ချင်းပြည်နယ်ထဲတွင် အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်စုစုပေါင်း ၇ မြို့နယ်ရှိသည့်အနက် တွန်းဇံမြိုနယ်နှင့် ဖလမ်းမြို့နယ်တို့သည် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ရာ အရေးပေါ်အခြေအနေတွင် မပါဝင်တော့သဖြင့် ချင်းပြည်နယ်တွင် အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ် ၅ မြို့နယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေး ဇူလိုင် ၁၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက နိုင်ငံတော်သမ္မတ၏ကိုယ်စား အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
