
၂၀.၇.၂၀၂၆
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာတွင် အကြွေးတောင်းသည့်ကိစ္စဖြင့် မကျေနပ်ရာမှ အဘွားဖြစ်သူအသတ်ခံရပြီး မြေးဖြစ်သူ ၉ နှစ်အရွယ်ကလေးငယ်မှာ ဒဏ်ရာများစွာရရှိခဲ့မှုအပေါ် ကျုးလွန်သူကို အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၈ ရက် နံနက်အစောပိုင်းက အဖွားဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းထွေးနှင့် အသက် ၉ နှစ်အရွယ် မြေးဖြစ်သူ မောင်ဝင်းကိုဦးတို့ အိပ်ပျော်နေစဥ် ယခင်က အဘွားဖြစ်သူထံ ငွေချေးခဲ့သော အသက် ၃၅ နှစ်အရွယ် အောင်သူရက ဓားဖြင့်ထိုးကာ သံတုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အကြွေးပြန်တောင်းရာကနေ စကားများရန်ဖြစ်ပြီး ကျုးလွန်သူက ငွေချေးတဲ့ အမျိုးသမီးကြီးကိုအိပ်နေတဲ့အချိန်မှာ ဓားနဲ့ဝင်ထိုးတာ၊ အမျိုးသမီးကအော်ပြီး အကူအညီတောင်းလို့ အဘွားရဲ့မြေးက နိုးလာပြီး ကူညီဖို့လုပ်တော့ သူ့ကိုပါ ဓားနဲ့ထိုးတာ။ အဘွားကိုလည်း သံတုတ်နဲ့ထပ်ရိုက်တာ “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဓားဖြင့်ထိုးကာ သံတုတ်ဖြင့် အရိုက်ခံရသော ဒေါ်စန်းစန်းထွေးတွင် နဖူး၊ ပုခုံး၊ ကျောကုန်း၊ လက်နှင့် လည်ပင်းအပါအဝင် ခန္ဓာကိုယ်၌ ဓားဒဏ်ရာ ၁၄ ချက်ဖြင့် နေရာတွင် သေဆုံးခဲ့ပြီး မြေးဖြစ်သူ မောင်ဝင်းကိုဦးတွင် ခါး၊ နံဘေးနှင့် ဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာ ၃ ချက်ရရှိခဲ့သဖြင့် ကော့သောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ဓားဖြင့်ထိုးသူ အောင်သူရမှာ လွန်ခဲ့သော ၆ လခန့်က ဒေါ်စန်းစန်းထွေးထံမှ ထိုင်းဘတ်ငွေခြောက်သောင်းချေးယူခဲ့ပြီး ဇူလိုင်လ ၁၇ ရက်က ငွေချေးသူက အကြွေးပြန်တောင်းသည်ကို မကျေနပ်သဖြင့် ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း အောင်သူရက ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်။
လူသတ်မှုကျူးလွန်သူ အောင်သူရကို နေအိမ်၌ ဖမ်းမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ တို့ဖြင့် ကော့သောင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
