သက်တံ့
၁၆. ၇. ၂၀၂၆
ရုရှားနှင့် မြန်မာတပ်ဖွဲ့ဝင်များသည် အထူးတပ်ဖွဲ့ဝင်များ၏ ပူးတွဲစွမ်းရည်ပြပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်ကို ရုရှားနိုင်ငံပိုင် တက်စ် (TASS) သတင်းဌာနက ယနေ့ သတင်းဖော်ပြသည်။
“အရှေ့ဖျားစစ်ဒေသ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တပ်မှူး ကာနယ်အိုင်ဗန် တာရာယက်ဗ် (Colonel Ivan Tarayev) ဦးဆောင်သော အရှေ့ဖျားစစ်ဒေသမှ တပ်ဖွဲ့ဝင်များသည် မြန်မာ့တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၏ ရှေ့မှောက်တွင် အထူးတပ်ဖွဲ့များအတွက် လေ့ကျင့်ရေးသင်တန်းကို မည်သို့မည်ပုံ ပို့ချပေးသည်ကို သရုပ်ပြသခဲ့ကြသည်” ဟု ဝန်ကြီးဌာနက ဆိုသည်။



ထို့အပြင် မော်တော်ယာဉ်တန်း တိုက်ခိုက်ခံရချိန်အတွင်း ရာထူးကြီးအရာရှိတစ်ဦးအား အကာအကွယ်ပေးရန် အထူးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုများအပြင် ဟန်ပြအကြမ်းဖက်စခန်းတစ်ခုအား သိမ်းပိုက်ရန် ရုရှားနှင့် မြန်မာအထူးတပ်ဖွဲ့များ၏ ပူးတွဲလှုပ်ရှားမှုများကို ပြသခဲ့ကြောင်း ဝန်ကြီးဌာနက အသေးစိတ်ဖော်ပြထားသည်။
လေ့ကျင့်ရေးကာလအတွင်း နှစ်နိုင်ငံတပ်ဖွဲ့ဝင်များသည် FPV ဒရုန်းများနှင့်အတူ တိုက်ခိုက်ရေးနှင့် စစ်မြေပြင်ထောက်ပံ့ရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်နိုင်သည့် ခြေရာခံစနစ်သုံး (Tracked) ကူရီယာ (Kurier) မြေပြင်အခြေစိုက် စက်ရုပ်တိုက်ခိုက်ရေးယာဉ် (Unmanned Ground Vehicle – UGV) စနစ်တို့ကို အသုံးပြုခဲ့ကြပြီး ဟန်ပြရန်သူ့အဆောက်အအုံအား ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း တပ်ဖွဲ့ဝင်များသည် မြေပြင်မရွေးမောင်းနှင်နိုင်သည့် ATV (All-Terrain Vehicle) မော်တော်ဆိုင်ကယ်များနှင့် ဘတ်ဂီ (Buggy) ကားများကို အသုံးပြုခဲ့ကြကြောင်း သိရသည်။
ရုရှားနည်းပြများက FPV ဒရုန်းမောင်းနှင်သူများ၏ လေ့ကျင့်မှု၊ ရဟတ်ယာဉ်ပေါ်မှ ကြိုးဆင်းစစ်ဆင်ရေး ပြုလုပ်မှုနှင့် ပြောင်းချောသေနတ်များ (Smoothbore weapons) ကို အသုံးပြု၍ ဒရုန်းများကို တန်ပြန်တိုက်ခိုက်သည့် လေ့ကျင့်ခန်းများကို ပြသခဲ့သည်။ ထို့ပြင် ပစ်ခတ်မှုလေ့ကျင့်ခန်းများအတွင်း ခေတ်မီ ဘလစ်ခ် (Blik) လက်နက်ငယ်စနစ် အသုံးပြုပုံနှင့် မြန်မာတပ်ဖွဲ့ဝင်များကို စစ်မြေပြင်ဆေးဝါးကုသမှု (Tactical medicine) နှင့် အဆောက်အအုံ စီးနင်းတိုက်ခိုက်မှုနည်းဗျူဟာများ လေ့ကျင့်သင်ကြားပေးမှုများကိုလည်း သရုပ်ပြခဲ့သည်။
နောင်လာမည့်ရက်များတွင် မြန်မာအထူးတပ်ဖွဲ့ဝင်များက တောတွင်းရှင်သန်ရေးနှင့် တောင်ကုန်းထူထပ်ပြီး ကြမ်းတမ်းသော မြေပြင်အနေအထားတွင် စစ်ဆင်ရေးဆောင်ရွက်မှု အတွေ့အကြုံများကို ရုရှားစစ်သည်များနှင့် ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref : TASS





