သက်တံ့
၁၆. ၇. ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသ များ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာငွေများနှင့် အရင်း အမြစ်များစွာ သုံးစွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် CNF၊ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ် အတွင်းရှိ မြို့၊ရွာများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့စိတ် တိုင်းကျ အုပ်ချုပ်နိုင်ရန်ရည်ရွယ်၍ ဒေသကောင်းစားရေး ဟု မက်လုံးများပေးကာ ဒေသခံပြည်သူများက ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် လုပ်ဆောင်ခဲ့ကြ သော်လည်း အမှန်တကယ်တွင် မြို့၊ရွာများ၌ တိုက်ပွဲများဖော်ဆောင်ခဲ့သောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်သေကြေပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့ရပြီး ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်များကို စွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွား ဘဝများလည်း အဘက်ဘက်မှ နိမ့်ကျဆုံးရှုံးခဲ့ရသည်။
ထို့ပြင် NUG, CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF, CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ်၊ ထန်တလန် မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ မှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအဆောက်အအုံများကို အကာအကွယ် ရယူကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ ခုခံခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများနည်းပါးလာခြင်း၊ ရာသီဥတု အခြေအနေ၊ နယ်မြေအခြေအနေနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက် အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အတွက် ထန်တလန်မြို့မှ ခေတ္တ ဆုတ်ခွာပေးခဲ့သည်။




အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထန်တလန်မြို့အား ယာယီထိန်းချုပ် ထားစဉ်အတွင်း လူနေအဆောက်အအုံများအတွင်းရှိ အသုံးအဆောင် ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ ဆေးခန်းများ၌ ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ ပြုလုပ်ကာ အခိုင်အမာ ခံစစ်ဆင်၍ မြို့၊ ရွာများအတွင်း တိုက်ပွဲများ ဖော်ဆောင်ရန် ကြိုးပမ်း လာသောကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြို့၊ ရွာများအတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည် သိမ်းပိုက်ရရှိရေးတို့အတွက် စီမံချက်များရေးဆွဲကာ လိုအပ်သည့်ပြင်ဆင် စုဖွဲ့များ ဆောင်ရွက်ပြီး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှု များစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။
ထိုသို့ ထိခိုက်သေဆုံးမှု များပြားခဲ့သော CNF, CDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ထန်တလန်မြို့အား ပြန်လည်တိုက်ခိုက် ရန်အတွက် လူ၊ လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းကာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက်ရယူကာ လူအင်အား၊ လက်နက်အင်အား သာလွန်စွာဖြင့် တိုက်ခိုက်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ထန်တလန်မြို့အား ရန်သူ့လက်သို့ မကျရောက်စေရေး ကျားကုတ် ကျားခဲ ရဲရဲဝံ့ဝံ့ခုခံခဲ့ကြသော်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် လူအင်အားများ အဆမတန်ဖြည့်တင်းလာခြင်း၊ ပြည်သူလူထုနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက် အအုံများ ထိခိုက်ပျက်စီးမှု များပြားလာခြင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထန်တလန်မြို့အတွင်းရှိ နေရာအချို့အား ယာယီဆုတ်ခွာ စွန့်လွှတ်ခဲ့ကြရပြီး ရန်သူ့အား ရင်ဆိုင်ထိန်းချုပ်ထားခဲ့သည်။




တပ်မတော်စစ်ကြောင်းများအနေဖြင့် ထန်တလန်မြို့အတွင်းရှိ ယာယီစွန့်လွှတ် ခဲ့ရသော နေရာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့ မှုများဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူ များအား အခက်အခဲမျိုးစုံကြားမှ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထန်တလန်မြို့ အတွင်းရှိ မြို့နယ်ရဲစခန်းအား ဇွန် ၁၃ ရက်တွင် လည်းကောင်း၊ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းအား ဇွန် ၁၉ ရက်တွင် လည်းကောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအား ဇူလိုင်လ ၅ ရက်တွင် လည်းကောင်း၊ ပြည်သူ့ဆေးရုံအား ဇူလိုင်လ ၈ ရက်တွင်လည်းကောင်း၊ မြို့နယ်မီးသတ်ရုံးအား ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း၊ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းတွင် ဟိုတယ်ဇုန်နေရာ အားလည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် ယနေ့တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ် ရရှိရေးအတွက် ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးကာလ အတွင်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များထံမှ အလောင်းများ၊ လက်နက် မျိုးစုံ ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ရွာများအား ပြန်လည်သိမ်းပိုက်ထိန်း ချုပ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဆိုပါ ဒေသများ တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဒေသအလိုက် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများကလည်း ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့တစ်ခုလုံးအား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီးချိန်တွင် အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ် မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊ ဆေးရုံဆေးခန်း များ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များအတွင်း ဘန်ကာများ၊ ဆက်သွယ်ရေး မြောင်းများ၊ ပစ်ကျင်းများဆောက်လုပ်၍ ယာယီခံစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချ ဝင်ရောက်နေထိုင်ခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များနှင့် ဈေးဆိုင်များအတွင်းရှိအသုံးအဆောင်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင် အသုံးပြုခြင်း၊ ဖျက်ဆီးခြင်းများစသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။
NUG, CRPH အကြမ်းဖက်အဖွဲ့များသည် နိုင်ငံရေး၊ လူမျိုးရေး၊ ဒေသကောင်းစား ရေးဟု ခေါင်းစဉ်အမျိုးမျိုးတပ်၍ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများအား နိုင်ငံရေးဝါဒမှိုင်းများတိုက်ကာ အကြမ်းဖက်မှုကိုလိုလားသော EAO အဖွဲ့များနှင့် ချိတ် ဆက်ပေး၍ PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများ၌ တိုက်ပွဲများ ဖော်ဆောင်ရန် ခိုင်းစေခြင်း များကြောင့် လက်တွေ့တွင် အဆိုပါဒေသရှိ ပြည်သူလူထုနေထိုင်ရာ မြို့၊ ရွာများ ပျက်စီးခဲ့ကြရပြီး ဒေသခံများအနေဖြင့် တိုက်ပွဲကင်းလွတ်ရာနေရာများသို့ တိုက်တာ၊ အိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်၍ ယာယီ နေရပ်စွန့်ခွာခဲ့ကြရသည်။ ယခုအခါ ပြည်သူများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များအပေါ် ရွံရှာစက်ဆုတ်မုန်းတီးမှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့အား လက်မခံနိုင်တော့ သဖြင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုသတင်းများနှင့် နေထိုင် အခြေပြု ရာနေရာများကို နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံ သတင်းပို့ခြင်းများဖြင့် တပ်မတော်၏ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြသည်။
တပ်မတော်စစ်ကြောင်းများက ယခုကဲ့သို့ ထန်တလန်မြို့နှင့် ဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် များစွာကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများကလည်း အဆိုပါ ဒေသများအတွင်း တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရသည့် ဒေသခံ ပြည်သူများအား ၎င်းတို့နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်အခြေချနေထိုင်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ယိုယွင်းပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများအား ပြန်လည်ပြုပြင်ပေးခြင်းနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ မြင့်မားစေရေးတို့အတွက် လိုအပ်သည့် ဒေသ တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် အတူ လက်တွဲပူးပေါင်း၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
