သက်တံ့
၁၅. ၇. ၂၀၂၆
ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ငွေသားမဲ့စီးပွားရေး (Cashless Economy) စနစ်အတွင်းသို့ ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်သည့် အမေရိကန် စီးပွားရေးလုပ်ငန်းစု Visa ၏ Destinations အစီအစဉ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်မိတ်ဆက်လိုက်သည်။
ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) နှင့် ပူးပေါင်းဖော်ဆောင်ထားသည့် “Visa Destinations Thailand” အစီအစဉ်သည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရန်၊ ခရီးသွားများ၏ အတွေ့အကြုံကို မြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန်စသည့် ထိုင်းနိုင်ငံ၏ ရေရှည်ခရီးသွားလုပ်ငန်း ရည်မှန်းချက်များကို အထောက်အကူပြုရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။
Visa သည် ယခင်က ၎င်း၏ Destinations အစီအစဉ်ကို အခြားနိုင်ငံများတွင် မြို့ပြအဆင့်ဖြင့်သာ လည်ပတ်ခဲ့သော်လည်း အာရှပစိဖိတ်ဒေသတွင် ထိုင်းနိုင်ငံသည် ပထမဆုံး စတင်အသုံးပြုသည့် ဈေးကွက်ဖြစ်လာပြီး၊ ကမ္ဘာပေါ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံးအကြိမ် စတင်ကျင့်သုံးသည့်နိုင်ငံ ဖြစ်လာသည်။
အဆိုပါ အစီအစဉ်သည် ခရီးစဉ်စီစဉ်ခြင်းနှင့် ဘွတ်ကင်လုပ်ခြင်းမှစ၍ လမ်းခရီးတွင် အမှန်တကယ်သုံးစွဲခြင်းအထိ ခရီးစဉ်၏ အဆင့်တိုင်းကို ချောမွေ့စေရန် ရည်ရွယ်သည်။ ယင်းအစီအစဉ်တွင် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေး၊ ဈေးဝယ်ခြင်း၊ တည်းခိုနေထိုင်ရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝအတွေ့အကြုံများ ပါဝင်ပြီး ထိုင်းနိုင်ငံ၏ အဓိကခရီးစဉ် ၈ ခုဖြစ်သော ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်၊ ပတ္တရား၊ ဥဒုံဌာနီ၊ စမွီ၊ ဟွာဟင်းနှင့် ဟတ်ရိုင်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းလုပ်ငန်းစဉ်ကို အဓိကမဏ္ဍိုင် ၄ ခုအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားပြီး၊ ၎င်းတို့မှာ ငွေပေးချေမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု၊ Visa ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် (VisaNet) မှ ရရှိသည့် အချက်အလက်များ၊ ခရီးသွားလုပ်ငန်းကဏ္ဍတစ်ဝန်းရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုလက်ခံသည့် ကုန်သည်အရေအတွက်ကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။
၎င်းလုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်အချို့ကို လက်တွေ့မြင်တွေ့နေရပြီ ဖြစ်သည်။ Visa သည် ဘန်ကောက်မြို့၏ သမိုင်းဝင် ဆုန်ဝပ် (Song Wat) မြစ်ကမ်းနားဒေသရှိ ကုန်သည် ၅၀ ကျော်နှင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသေးစားစီးပွားရေးလုပ်ငန်းပေါင်း ၅၆,၀၀၀ အထိ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် လက်ခံလာနိုင်စေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်ကို Visa ကတ်ကိုင်ဆောင်ထားသူအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းကို နိုင်ငံ့စီးပွားရေး၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ထားရှိထားခြင်းကြောင့်လည်းကောင်း၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ပြင်သစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကဲ့သို့သော အသုံးစရိတ်မြင့်မားသည့် ခရီးဝေးဈေးကွက်များမှ ဧည့်သည်အများစု လာရောက်ခြင်းကြောင့်လည်းကောင်း ဤအစီအစဉ်ကို စတင်မိတ်ဆက်ရန် အသင့်တော်ဆုံးနိုင်ငံအဖြစ် Visa က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ Visa ၏ ဌာနေမန်နေဂျာ အန်သိုနီ ဝက်ဆင် (Anthony Watson) က ယခုအစီအစဉ်သည် ထိုင်းနိုင်ငံရှိ အရွယ်အစားစုံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများထံမှ အကျိုးအမြတ် ပိုမိုရရှိစေရန် ကူညီပေးမည်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုချောမွေ့ပြီး ယုံကြည်စိတ်ချရသော အတွေ့အကြုံကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခရီးသွားများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးမှာ ငွေသားဆောင်ရသည့် ဒုက္ခများ လျော့နည်းသွားမည်ဖြစ်ပြီး ဒေသတွင်း ဆိုင်ငယ်လေးများအပါအဝင် နေရာအများအပြားတွင် Visa ကတ် သို့မဟုတ် QR စနစ်ဖြင့် ငွေပေးချေနိုင်တော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွက်မူ ယခုအစီအစဉ်သည် ငွေသားမဲ့ခရီးသွားလုပ်ငန်းဆီသို့ ကူးပြောင်းခြင်းနှင့် ခရီးသွားဦးရေ များပြားခြင်းထက် အသုံးစရိတ်ပိုမိုသုံးစွဲနိုင်ပြီး ပိုမိုရေရှည်တည်တံ့မည့် ခရီးသွားများကို ဆွဲဆောင်ရန် ချမှတ်ထားသည့် မဟာဗျူဟာနှင့် ကိုက်ညီမှုရှိနေသည်။
Ref : Thaiger
