၁၄.၇.၂၀၂၆
Written by Linn Eain
အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များ ဖုန်းအပိုသယ်ဆောင်လာလျှင် CEIR စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထား အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
နယ်စပ်ဝင်ပေါက်များ၊ ပင်လယ်ရေကြောင်း ဝင်ပေါက်များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသော မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာလေဆိပ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) များမှ ဝင်ရောက်လာသည့် ခရီးသည်များနှင့်အတူ ပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကိုသာ CEIR စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ခရီးသည်တစ်ဦးလျှင် လက်ရှိအသုံးပြုနေသည့် ဖုန်းအပါအဝင် မိုဘိုင်းလက်ကိုင်ဖုန်း နှစ်လုံးသာ သယ်ယူခွင့်ပြုထားပြီး CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်း မရှိသေးသော မိုဘိုင်းလက်ကိုင်ဖုန်းများ ပါရှိလာပါက လေဆိပ်အကောက်ခွန် ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း (၂) လုံးအထိသာ လျှောက်ထားနိုင်မည်ဖြစ်သည်။
ထိုသို့ PD Form ကြေညာရာတွင် PD Form ၌ IMEI နံပါတ်အား မဖြစ်မနေထည့်သွင်းကြေညာရမည်ဖြစ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်နိုင်ရန်အတွက် CEIR OSS အဖွဲ့သို့ CEIR စနစ်တွင် မှတ်ပုံတင်ခွင့် လျှောက်လွှာ၊ Passport (မိတ္တူ) (ဓာတ်ပုံပါသောရှေ့စာမျက်နှာနှင့် လေဆိပ် လဝကမှ ရောက်ရှိရက်စွဲ ရိုက်နှိပ်ထားသော စာမျက်နှာ)၊ Boarding Pass (မူရင်း၊ မိတ္တူ)၊ လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ)၊ Passenger Declaration Form (PD Form) (မူရင်း)တို့ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားလာမှုသည် Passenger Declaration Form (PD Form) ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း (၃၀)အတွင်း လျှောက်ထား၍ ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ပြီး ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားနိုင်ခြင်း မရှိပါက CEIR စနစ်မှ ကျသင့်အခွန်အပြင် ဒဏ်ကြေးများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
