သက်တံ့
၂၃. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အာသံ (Assam) ပြည်နယ်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအက်ဥပဒေ (NDPS Act) အရ အမှုဖွင့် အရေးယူခံရမှုနှင့် တရားခံဖမ်းဆီးရမိမှု အများဆုံး ပြည်နယ်အဖြစ် ပေါ်ထွက်လာခဲ့သော်လည်း၊ မြန်မာနယ်စပ်နှင့် ကပ်လျက်ရှိသည့် မဏိပူရ (Manipur) ပြည်နယ်မှာမူ ဘိန်းဖြူမှောင်ခိုမှု အားအကောင်းဆုံး ဗဟိုချက် (Hotspot) ဖြစ်လာကြောင်း သိရသည်။
အဆိုပါ အချက်အလက်များသည် အိန္ဒိယအမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ၏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုဆိုင်ရာ အချက်အလက်များကို အခြေခံ၍ အိန္ဒိယအရှေ့ပိုင်းရှိ ပြည်နယ် ၁၂ ခု၏ အခြေအနေကို စုစည်းပြုစုထားသည့် လျှို့ဝှက်အစီရင်ခံစာအရ သိရှိရခြင်း ဖြစ်သည်။
၎င်းအစီရင်ခံစာအရ အာသံပြည်နယ်သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း NDPS အမှုပေါင်း ၁၂,၅၀၀ မှုဖြင့် တရားခံ ၂၀,၃၉၈ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုအခင်းအရေအတွက်တွင် ထိပ်ဆုံးက ရှိနေသည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မဏိပူရပြည်နယ်သည် အဆိုပါ ပြည်နယ် ၁၂ ခုအနက် ဘိန်းဖြူဖမ်းဆီးရမိမှုတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း စုစုပေါင်း ဘိန်းဖြူ ၁,၇၅၀ ဒသမ ၃၄ ကီလိုဂရမ်အထိ ဖမ်းဆီးရမိခဲ့သည်။
ယခုအစီရင်ခံစာသည် ဗဟိုအစိုးရက ၂၀၄၇ ခုနှစ်တွင် နိုင်ငံအတွင်းမှ မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ပြတ်ချေမှုန်းရန် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” ကို ကြေညာထားချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး မစ္စတာအာမစ်ရှား (Amit Shah) က မကြာသေးမီက ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ကုန်းလမ်းနှင့် ရေလမ်း နယ်စပ်များမှတစ်ဆင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တင်းကျပ်စွာ နှိမ်နင်းခြင်း၊ NCB ကို အားကောင်းအောင် လုပ်ဆောင်ခြင်းနှင့် အေဂျင်စီများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။
◾️ မဏိပူရနှင့် မီဇိုရမ်သည် “မြန်မာနယ်စပ်မှ စီးဝင်လာသည့် အန္တရာယ်ရှိ မှောင်ခိုလမ်းကြောင်းများ” ဖြစ်နေ
နောက်ဆုံးရရှိသော အစီရင်ခံစာတွင် မဏိပူရပြည်နယ်ကို အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း စင်္ကြံလမ်း၌ “တန်ဖိုးမြင့် မူးယစ်မှောင်ခိုမှု အန္တရာယ်ရှိဇုန်” (High-value trafficking risk profile) အဖြစ် ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာနယ်စပ်ချင်း တိုက်ရိုက်ထိစပ်နေသော မဏိပူရပြည်နယ်အတွင်းသို့ စီးဝင်လာသည့် မူးယစ်ဆေးဝါး အများစုမှာ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်ရာ “ရွှေတြိဂံဒေသ” မှ မြစ်ဖျားခံ၍ မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခြင်း ဖြစ်သည်။
အလားတူပင် မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် အခြားပြည်နယ်တစ်ခုဖြစ်သော မီဇိုရမ် (Mizoram) ပြည်နယ်သည်လည်း စိတ်ကြွဆေးဝါး (Synthetic drug) အဓိက စိုးရိမ်ရသည့် ဒေသအဖြစ် အစီရင်ခံစာက ထောက်ပြထားသည်။ မီဇိုရမ်ပြည်နယ်သည် ATS (amphetamine-type stimulants) စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုတွင် ၂,၂၁၈ ဒသမ ၂၇ ကီလိုဂရမ်အထိ ရှိခဲ့ပြီး အဆိုပါ ပြည်နယ် ၁၂ ခုအနက် အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
အခြားပြည်နယ်များ၏ ဘိန်းဖြူဖမ်းဆီးရမိမှု စာရင်းဇယားများအရ အနောက်ဘင်္ဂလား (West Bengal) တွင် ၆၀၅ ဒသမ ၈ ကီလိုဂရမ်၊ အာသံတွင် ၅၇၃ ဒသမ ၉၆ ကီလိုဂရမ်နှင့် ဘီဟာ (Bihar) တွင် ၄၈၅ ဒသမ ၂၄ ကီလိုဂရမ် အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
◾️ ဩဒိဿပြည်နယ်တွင် ဆေးခြောက် (Ganja) ဖမ်းဆီးရမိမှု အများဆုံးဖြစ်
ဩဒိဿပြည်နယ်သည် ဆေးခြောက် (Ganja) ဖမ်းဆီးရမိမှု အများဆုံး ပြည်နယ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး နှစ်အလိုက် သိသိသာသာ တိုးတက်လာခဲ့ကြောင်း တွေ့ရသည်။
ဥပဒေစိုးမိုးရေး အေဂျင်စီများသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဆေးခြောက် ၈၅၀,၇၉၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။ ဒုတိယအများဆုံး ဖမ်းဆီးရမိသည့် ပြည်နယ်မှာ တြီပူရ (Tripura) ဖြစ်ပြီး ၂၂၁,၇၃၁ ကီလိုဂရမ်ရှိကာ၊ အာသံပြည်နယ်က ၁၇၉,၄၆၂ ကီလိုဂရမ်ဖြင့် တတိယနေရာတွင် ရှိသည်။
ဩဒိဿပြည်နယ်သည် နှစ်စဉ် ဆေးခြောက်ဖမ်းဆီးရမိမှု အဆက်မပြတ် မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် ဆေးခြောက် ကီလိုဂရမ်ပေါင်း ၂၁၂,၀၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

◾️ ဆေးဝါးလွဲမှားသုံးစွဲမှုနှင့် ဘိန်းစိမ်းအန္တရာယ် စိုးရိမ်ရမှုများ
အနောက်ဘင်္ဂလား၊ တြီပူရ၊ အာသံနှင့် ဘီဟာပြည်နယ်တို့တွင် ဆေးဝါးအတုအယောင် သို့မဟုတ် တရားမဝင် ဓာတုဆေးဝါးများ (Pharmaceutical drugs) ဖမ်းဆီးရမိမှုများလည်း မြင့်တက်လာနေသည်။ ဘင်္ဂလားပြည်နယ်တွင် ကိုဒင်း (Codeine) ပါဝင်သော ချောင်းဆိုးပျောက်ဆေးရည်ပုလင်းပေါင်း ၂ ဒသမ ၇၅ သန်းဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့ပြီး၊ အာသံပြည်နယ်မှာမူ ၅ နှစ်တာကာလအတွင်း စိတ်ကြွဆေးပြားပေါင်း ၁၇ ဒသမ ၂ သန်းကျော် ဖမ်းဆီးရမိမှုဖြင့် ထိပ်ဆုံးက ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘီဟာနှင့် ဂျဟာခန် (Jharkhand) ပြည်နယ်တို့တွင် “ထင်ရှားသော ဘိန်းစိမ်းနှင့် ဘိန်းပင်ဆိုင်ရာ အညွှန်းကိန်းများ” ရှိနေကြောင်း အစီရင်ခံစာက မှတ်ချက်ပြုထားပြီး၊ ယင်းသည် ကုန်းလမ်းမှောင်ခိုလမ်းကြောင်းများနှင့် ကြားစခန်းများ၏ အားနည်းချက်ကို ဖော်ပြနေသည်။ ဂျဟာခန်ပြည်နယ်တွင် ဘိန်းစိမ်း ၄,၂၀၆ ကီလိုဂရမ်ကျော်နှင့် ဘိန်းမှုန့် (Poppy husk) ၃၂၆,၀၀၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပြီး၊ ဘီဟာပြည်နယ်က ဘိန်းစိမ်း ၁,၉၂၀ ကီလိုဂရမ်နှင့် ဘိန်းရိုးခြောက် ၃၅,၀၀၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့သည်။
◾️ အေဂျင်စီများအကြား နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တိုက်တွန်း
အစီရင်ခံစာတွင် အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB)၊ ပြည်နယ်ရဲတပ်ဖွဲ့များ၊ အကောက်ခွန်ဌာန၊ ဝင်ငွေခွန်ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာန (DRI)၊ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ (BSF)၊ အထူးသဖြင့် မြန်မာနယ်စပ်လုံခြုံရေးကို တာဝန်ယူထားသည့် အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) နှင့် မီးရထားနှင့် အဝေးပြေးလမ်းမကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ယူနစ်များအကြား သတင်းအချက်အလက် အပြန်အလှန်မျှဝေမှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ထို့အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် သုံးသည့် ရှေ့ပြေးဓာတုပစ္စည်းများ (Precursor chemicals) လမ်းလွှဲထုတ်ယူမှု၊ ဆေးဝါးမှောင်ခိုကူးမှုနှင့် မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ စောင့်ကြည့်စစ်ဆေးရန် အကြံပြုထားကြောင်း သိရသည်။
Ref: Hindustan Times
