
၆. ၅. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်သူများအား ထိခိုက်နစ်နာစေသော အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကြောင့် မြန်မာနိုင်ငံရှိ ကရင်အမျိုးသားတပ်မတော် (KNA) ကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ အဖွဲ့ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏သားနှစ်ဦးဖြစ်သော စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို ပိတ်ဆို့မှုချမှတ် ဒဏ်ခတ်အရေးယူခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က သတင်းထုတ်ပြန်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသော KNA ထိန်းချုပ်နယ်မြေသည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများစွာ၏ အခြေစိုက်စခန်းဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်များ ကွဲပြားခြားနားသော်လည်း မြန်မာနိုင်ငံမှ ပေါ်ပေါက်လာသော အွန်လိုင်းလိမ်လည်မှုများကြောင့် အမေရိကန်သားများမှာ လွန်ခဲ့သော သုံးနှစ်အတွင်း ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း OFAC က ဆိုသည်။
“KNA ကဲ့သို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေရဲ့ ရာဇဝတ်မှုခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအပါတွေအတွက် ဘီလျံနှင့်ချီတဲ့ ၀င်ငွေများစွာ ရရှိစေပေမဲ့ အွန်လိုင်းလိမ်လည်မှုခံရတဲ့ သားကောင်တွေကတော့ သူတို့ရဲ့ခက်ခက်ခဲခဲစုဆောင်းထားရတဲ့ ချွေးနည်းစာတွေနဲ့ လုံခြုံမှုခံစားချက်တွေကို ဆုံးရှုံးစေခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဒီကွန်ရက်တွေကို တိုက်ဖျက်ဖို့နဲ့ ဒီရာဇဝတ်မှုကနေ အမြတ်ထုတ်ဖို့ ကြိုးပမ်းသူတွေကို တာဝန်ခံစေဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟုလည်း ဒုတိယဘဏ္ဍာရေးဝန်ကြီး မိုက်ကယ် ဖော့ကန်ဒါက ပြောသည်။
ခန့်မှန်းချက်များအရ မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ ပေါ်ပေါက်လာသော ခေတ်မီဆန်းပြားသည့် အွန်လိုင်းလိမ်လည်မှုများကြောင့် အမေရိကန်နိုင်ငံသားများ၏ ငွေကြေးဆုံးရှုံးမှုသည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂ ဘီလျံကျော်နှင့် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံအထိ မြင့်တက်လာခဲ့သည်။ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများတည်ရှိရာ KNA ဌာနချုပ်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်တွင် တည်ရှိသည်။ KNA သည် နယ်ခြားစောင့်တပ် (BGF) အဖြစ် ၎င်း၏ ယခင်အခန်းကဏ္ဍကို အသုံးချကာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုအင်ပါယာတစ်ခုကို တည်ထောင်ခဲ့သည်။ ကရင်ပြည်နယ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများစုသည် KNA ထိန်းချုပ်ရာနယ်စပ်ဒေသတွင် လုပ်ကိုင်ကြသည်။ ယခင် ကရင်နယ်ခြားစောင့်တပ် BGF ဟု သိကြသော KNA သည် မြန်မာအစိုးရနှင့် အဆက်အသွယ်ဖြတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ၎င်း၏အမည်ကို ပြောင်းလဲခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်ဟုလည်း OFAC က ဆိုသည်။
KNA သည် ၎င်းထိန်းချုပ်ထားသောမြေများကို အခြားသော ရာဇဝတ်မှုအဖွဲ့များသို့ ငှားရမ်းခြင်း၊ လူကုန်ကူးမှု၊ မှောင်ခိုလုပ်ငန်းနှင့် လိမ်လည်မှုလုပ်ငန်းများအတွက် လိုအပ်သော စွမ်းအင်ထောက်ပံ့မှုအတွက် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကြီးမားသော အွန်လိုင်းလိမ်လည်မှုအစီအစဉ်များမှ အမြတ်အစွန်းများ ရရှိနေသည်။ KNA သည် ကရင်ပြည်နယ်ရှိ လိမ်လည်မှုစခန်းများ၏ လုံခြုံရေးကိုလည်း စောင့်ရှောက်ပေးသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော အွန်လိုင်း လိမ်လည်မှုစခန်းတစ်ခုဖြစ်သည့် KK Park မှ လွတ်မြောက်လာသူများသည် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး စခန်းကိုစောင့်ကြပ်နေသော စစ်သားများ၏ ယူနီဖောင်းများတွင် KNA ၏တံဆိပ်များ ပါရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
KNA ၏ခေါင်းဆောင်အဖြစ် စောချစ်သူသည် ထိုင်းနိုင်ငံနယ်စပ်အနီးရှိ KNA ထိန်းချုပ်နယ်မြေတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အားပေးကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုစီးပွားရေးတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ စောချစ်သူ၏ ဦးဆောင်မှုအောက်တွင် KNA သည် ဒေသတွင်းရှိ လိမ်လည်မှုလုပ်ငန်းများအတွက် အဓိကကျသော အထောက်အပံ့ပေးသူဖြစ်လာပြီး စခန်းများတွင် လုံခြုံရေးပေးခြင်းနှင့် ရာဇဝတ်မှုအဖွဲ့အစည်းများသို့ မြေယာငှားရမ်းခြင်းတို့ ပြုလုပ်ကာ လိမ်လည်မှုသားကောင်များနှင့် ဤရာဇဝတ်မှုများကို ကျူးလွန်ရန် အတင်းအကျပ်ခိုင်းစေခံရသော အပြစ်မဲ့သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေကာ အမြတ်အစွန်းများစွာ ရရှိခဲ့သည်။
စောချစ်သူသည် အွန်လိုင်းလိမ်လည်မှုစခန်းများနှင့် မြန်မာအစိုးရနှင့် ပတ်သက်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် ၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်အရေးယူမှုကို ခံခဲ့ရသည်။
စောချစ်သူသည် ၎င်း၏သားနှစ်ဦးဖြစ်သော စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို KNA တွင် အရာရှိများအဖြစ် ခန့်အပ်ခဲ့ကာ နှစ်ဦးစလုံးသည် KNA ၏ ရာဇဝတ်မှုလုပ်ငန်းတွင် အဓိကကျသော အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ စောထူးအယ်မူးသည် ဆိုက်ဘာလိမ်လည်မှုစင်တာများအပါအဝင် KNA နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၌ အကျိုးစီးပွားရှိပြီး စောချစ်ချစ်သည် တပ်မတော်နှင့်အတူ စစ်ဆင်ရေးများတွင် တက်ကြွစွာပါဝင်ပြီး အစိုးရကို ဆန့်ကျင်သော သူပုန်အဖွဲ့များကို တိုက်ခိုက်နေသော KNA တပ်ရင်းများကို ဦးစီးခဲ့သည်ဟုလည်း OFAC က ပိတ်ဆို့မှုချမှတ်ရအပေါ် ဖြေရှင်းချက်ပေးခဲ့သည်။
