
၂၄.၄.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံရဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှာ သတ္တုလုပ်ငန်းများလုပ်ပိုင်ခွင့်ပါမစ်တွေအတွက် အစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂၃ ရက်ကပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာသံဖြူအသင်း(ITA) က ဧပြီလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
သံဖြူအရင်းအမြစ်ကြွယ်ဝတဲ့ ဝ ဒေသအနေနဲ့ သတ္တုတွင်းလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ နီးကပ်လာပြီလို့ ယူဆရတယ်လို့လည်း ဆိုကြပါတယ်။
ITA က အစည်းအဝေးမှာ သတ္တုတွင်းလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ သတ္တုတွင်းဗျူရိုမှခေါင်းဆောင်တွေ တက်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ အစည်းအဝေးမှာ သတ္တုတွင်းလုပ်ငန်းအတွက် လျှောက်ထားမှု၊ သတ္တုကြိတ်ခွဲမှုနဲ့ရှာဖွေမှု ပါမစ်တွေကို Manxiang ဒေသအတွင်း ဆောင်ရွက်မှုအတွက် ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစိုးရရဲ့ အခကြေးငွေတွေမြင့်တက်လာမယ့် အလားအလာရှိတာက အငယ်စားနဲ့ အလတ်စား သတ္တုတွင်းတွေနဲ့ သတ္တုကြိတ်ခွဲလုပ်ငန်းတွေအတွက်တော့ လုပ်ငန်းပြန်လည်စတင်ဖို့ခက်ခဲလာနိုင်တယ်လို့လည်း ITA က ပြောခဲ့ပါတယ်။
ဝ ဒေသက မြန်မာနိုင်ငံ ပြည်ပသံဖြူတင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းအထိ ထွက်ရှိပါတယ်။ မြန်မာနိုင်ငံကလည်း ကမ္ဘာပေါ်မှာသံဖြူတင်ပို့မှု တတိယအများဆုံးနိုင်ငံလည်းဖြစ်ပြီး တရုတ်နိုင်ံငံသို့ အကြီးမားဆုံးထောက်ပံ့သူလည်းဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ဧပြီလ အစောပိုင်းကတည်းက ကျင်းပဖို့လျာထားခဲ့ပေမယ့် ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေ့ဆိုင်းခဲ့တာလို့ ဆိုပါတယ်။ ကုန်သည်တွေကြားမှာတော့ အစည်းအဝေးရဲ့ အလားအလာ တွေက ဒေသအတွင်း နှစ်နစ်ခန့် ပိတ်ထားရတဲ့သတ္တုတွင်းလုပ်ငန်းတွေ ပြန်စနိုင်ဖို့ မျှော်လင့် ချက်တွေ တိုးလာစေပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ကိုယ်ပိုင်နိုင်ငံရေးစနစ်၊ စစ်တပ်နဲ့စီးပွားရေးပုံစံတို့နဲ့ ဆောင်ရွက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဝ လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့ထားပြီး ဝ ဒေသကို ထိန်းချုပ်ထားကာ သတ္တုအရင်းအမြစ်တွေ ကာကွယ်ဖို့ဆိုကာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာသတ္တုတွင်းလုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းခဲ့တာပါ။
Ref- Bangkok Post
