၈.၄.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ အလယ်ပိုင်းမှာရှိတဲ့ Mount Kanlaon အမည်ရှိမီးတောင်က ဒေသစံတော်ချိန် ဧပြီလ ၈ ရက် နံနက် ၅ နာရီ ၅၁ မိနစ်မှာ အဆင့် ၃ ရှိပေါက်ကွဲမှုတစ်ရပ် စတင်ဖြစ်ပွားခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်အဖွဲ့ (Phivolcs)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုမှာ မီးတောင်ဝကနေ ပြာအမှုန်အမွှားတွေကို လေထဲကို မီတာ ၄,၀၀၀ (၂ ဒသမ ၅ မိုင်ခန့်) ရောက်တဲ့အထိ မှုတ်ထုတ်နေတာကို တွေ့ကြရပါတယ်။
Mount Kanlaon မီးတောင်ပေါက်ကွဲမှုကို Phivolcs က အဆင့် ၃ ရှိတဲ့ပေါက်ကွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာနောက်ဆုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွင်း မီးတောင်ရှင် နှစ်ဒါဇင်ခန့်အနက် တစ်ခုဖြစ်တဲ့ Mount Kanlaon မီးတောင်က နိုင်ငံအလယ်ပိုင်းပြည်နယ်နှစ်ခုဖြစ်တဲ့ Negroid Occidential နဲ့ Negros Oriental တို့နှစ်ခုကို ခွလျက်တည်ရှိနေတာလည်းဖြစ်ပါတယ်။
Phivolcs အဖွဲ့ ရဲ့ ညွှန်ကြားရေးမှူး တီရီဆီတို ဘာကိုလ်ကိုလ်က ကမ္ဘာ့မြေလွှာအောက်ရှိကျောက်ရည်ပူတွေက မြေ မျက်နှာပြင်သို့ လျင်မြန်စွာမြင့်တက်လာတာအပေါ်တည်ပြီး မီးတောင်ပေါက်ကွဲမှု သတိပေးအဆင့်က လာမယ့်ရက်တွေမှာ အတက်အကျ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
တကယ်လို့ ကျောက်ရည်ပူတွေ ပိုလို့လျင်မြန်စွာ မြင့်တက်လာမယ်ဆိုရင် ပိုပြင်းထန်တဲ့ပေါက်ကွဲမှုကို ဖြစ်စေပြီး ပေါက်ကွဲမှု အဆင့် ၄ ကို တိုးတက်လာနိုင်ပြီး ကျောက်ရည်ပူရွေ့ရှားမှုက နှေးသွားရင် ဒါမှမဟုတ် တန့်နေရင် ပေါက်ကွဲမှု အဆင့် ၂ ကိုကျသွားနိုင်တယ်လို့ ဘာကိုလ်ကိုလ်က ပြောခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသအတွင်း ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ပစိဖိတ်မီးကွင်း(Ring of Fire) လို့ ခေါ်ကြတဲ့ မီးတောင်ရှင် များစွာတည်ရှိပြီး မြေငလျင်တွေလည်းလှုပ်တတ်တဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။
Ref- Reuters
