
၇. ၄. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသော ဖျက်အားပြင်း ငလျင်ကြီးအပြီး နောက်ဆက်တွဲအခြေအနေများကို ကမ္ဘာက တုန်လှုပ်စွာရင်ဆိုင်နေရချိန်တွင်ပင် နောက်ဆက်တွဲဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်ဖွယ် မြင့်တက်လျက်ရှိကြောင်း ငလျင်ပညာရှင်များက သတိပေးလာခဲ့သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၉ ရှိသည့် အကြီးစားငလျင်ကြီး လှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျကာ လူထောင်ချီသေဆုံးမှုများ မဖြစ်ပွားမီ ရက်ပိုင်းအလိုကတည်းက တရုတ်ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က ယင်းကဲ့သို့သော ဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း လေ့လာမှုတစ်ရပ် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် သေဆုံးသူဦးရေ ၃,၀၀၀ ကျော်လာသည့် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားသော မြန်မာ့ငလျင်သည် နောက်ဆုံးဖြစ်ရပ် မဟုတ်သေးဘဲ တရုတ်နှင့် အနီးတစ်ဝိုက်ဒေသများတွင် အဖျက်စွမ်းအားကြီးမားသော အကြီးစား ကပ်ဘေး ငလျင်များ လှုပ်ခတ်နိုင်ခြေ ပိုမိုမြင့်မားနေကြောင်းလည်း ခန့်မှန်းထားသည်။
ကမ္ဘာ့လည်ပတ်မှု အပြောင်းအလဲနှင့် ဆက်စပ်နေသော ငလျင်စက်ဝန်းများကို ချိတ်ဆက် လေ့လာထားသည့် ဤသုတေသနသည် ကမ္ဘာ့မြေလွှာ ဖိအားစက်ကွင်းများသည် အန္တရာယ်ရှိသည့် အခြေအနေသစ်တစ်ခုသို့ ရောက်ရှိနေပြီလားဆိုသည့် အငြင်းပွားမှုများကို ပြင်းထန်စွာ လှုံ့ဆော်ပေးခဲ့သည်။
ပေကျင်း ငလျင်အေဂျင်စီမှ အကြီးတန်းအင်ဂျင်နီယာ Zhu Hongbin ဦးဆောင်ပြီး အခြားပညာရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် တရုတ်ငလျင်အာဏာပိုင် အဖွဲ့မှ မတ်လ ၂၀ ရက်က ထုတ်ဝေသည့် ပညာရပ်ဆိုင်ရာဂျာနယ်တစ်စောင် ဖြစ်သော Journal of Geodesy and Geodynamics တွင်လည်း ပညာရပ်ဆိုင်ရာလေ့လာထားသည့် အတည်ပြုမှုတစ်ခုအရလည်း ၁၈၇၉ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ငလျင်ဆိုင်ရာအချက်အလက်များကို လေ့လာကာ တရုတ်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ငလျင်အကြီးစား လှုပ်ခတ်နိုင်သည့် အချိန်ကာလ ခြောက်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
Ref, SCMP
