◾ အမေရိကန်အစိုးရက ယူကရိန်းသို့ ကာကွယ်ရေးအထောက်အပံ့များပေးနေမှု ရပ်ဆိုင်းထားခြင်းအပေါ်ရုတ်တရက် ပြန်လည်စတင်

၁၂.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်အစိုးရက ယူကရိန်းသို့ ကာကွယ်ရေးအထောက်အပံ့များပေးနေမှုနှင့် ထောက်လှမ်းရေး သတင်းများ မျှဝေနေမှုကို ရပ်ဆိုင်းထားခြင်းအပေါ်ရုတ်တရက် ပြန်လည်စတင်သွားမယ်လို့ ယူကရိန်း သမ္မတရုံးက မတ်လ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ ဖေဖော်ဝါရီလ ၂၈ ရက်က အိမ်ဖြူတော်မှာတွေ့ဆုံစဉ် အဆင်မပြေဖြစ်ခဲ့ကြပြီးတဲ့နောက် ယူကရိန်းသို့ ကာကွယ်ရေးအထောက်အပံ့ကို ရပ်ဆိုင်းခဲ့တာပါ။
ဒီကြေညာချက်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့မှာ အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်းနိုင်ငံတို့မှ အဆင့်မြင့်ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဂျက်ဒါမြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝါ့ဇ် တို့ဟာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးနေကြတာပါ။
ဂျက်ဒါမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ အဆိုပါဆွေးနွေးပွဲမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေက စစ်အကျဉ်းသား တွေလဲလှယ်ရေး၊ ဖမ်းဆီးစစ်သုံ့ပန်းတွေပြန်လွှတ်ပေးရေးနဲ့ ရွှေ့ပြောင်းယူကရိန်းကလေးငယ်တွေ နေရပ် ပြန်လာနိုင်ရေးတို့အပါအဝင် ယူကရိန်းစစ်ပွဲမှာငြိမ်းချမ်းမှုရရှိရေးအတွက် လူသားချင်းစာနာမှုကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ ယူကရိန်းဘက်က သူတို့အနေနဲ့ အမေရိကန်က တင်ပြလာတဲ့ ထပ်မံပြီးလည်း သက်တမ်းတိုးနိုင်တဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံဖို့အဆင်သင့်ရှိပါတယ်လို့ ပြောခဲ့ပါတယ်။ ရုရှားက ထိုအပစ်အခတ်ရပ်စဲရေးနည်းလမ်းအတိုင်း စောင့်ထိန်းလိုက်နာသွားမယ်ဆိုရင် ယူကရိန်းဘက်ကလည်း ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး အမေရိကန်အနေနဲ့ ရုရှားအစိုးရကို ဒီအဆိုပြုချက်ကို ဆက်လက်တင်ပြဆွေးနွေးမှာပါ။ ရုရှားအစိုးရကတော့ ရုရှားအနေနဲ့ အဆိုပြုချက်ကိုလက်ခံလားမပြောခင် အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲက ရလဒ်တွေအပေါ် အမေရိကန်ရဲ့ တင်ပြလာမှုကို နားထောင်ဖို့အသင့်ရှိတယ်လို့ မတ်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
Ref- Kyiv Independent
