၄. ၃. ၂၀၂၅
Written by Nay Moe
တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်တွေက အမျိုးသမီးငယ်သုံးဦးကို ညှင်းပန်းနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ်ပြီး အဝတ်ဗလာနဲ့ နားမခေါ်ရွာအနီးမှာ မနေ့က စွန့်ပစ်ခဲ့ကြတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကနဦးဖော်ပြခဲ့တဲ့ Shan News က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ သီပေါမြို့နယ်က MNDAA ထိန်းချုပ်ထားတဲ့ နားမခေါ်ရွာ အနောက်ပိုင်းမှာ ဝတ်လစ်စလစ်နဲ့ မိန်းမငယ်သုံးယောက်ကို လာစွန့်ပစ်သွားတာကြောင့် နားမခေါ်ရွာလူကြီးနဲ့ ကိုးကန့်လက်နက်ကိုင်တွေက မီးရှို့ပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလိုစွန့်ပစ်မှုအပေါ် ရာမာဖုံ အမည်နဲ့ Facebook သုံးစွဲသူက “သတ်ခံရတာ တစ်ပတ်ကျော်ပါပြီ။ လာစွန့်ပစ်သူက MNDAA တပ်သားတွေ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။ အသက်အန္တရာယ်စိုးရိမ်လို့ မပြောရဲကြတာပါ။ တကယ် ကိုယ်တုံးလုံးအနေအထားနဲ့စွန့်ပစ်ခံရပြီး အဲ့မှာရှိတဲ့ လက်နက်ကိုင်က MNDAA သာရှိတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်မီဒီယာ ရွှေဖီမြေကလည်း လားရှိုးဘက်ကနေ ဆင်းလာတဲ့ လက်နက်ကိုင်ကားတစ်စီးက နားမခေါ်ရွာနားမှာ ရိုက်နှက်နှိပ်စက်ထားတဲ့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြားက အဝတ်ဗလာ အမျိုးသမီးသုံးဦးကို လာရောက်စွန့်ပစ်သွားပြီး ဒီဖြစ်စဥ်ဖော်ထုတ်ရင် နားမခေါ်ရွာသားတွေကို သတ်ပစ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့သလို နားမခေါ်ရွာကို MNDAA ထိန်းချုပ်ထားကြောင်း ရေးသားခဲ့ပါတယ်။ ဒီလို ရေးသားရာမှာ ညှင်းပန်းနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့ အဖွဲ့အစည်းအမည်ကို ရွှေဖီမြေက မဖော်ပြရဲတာနဲ့ ပတ်သက်ပြီး Pyae Phyo အကောင့်ပိုင်ရှင်က “ကိုးကန့် MNDAA တွေ ဝိုင်းပြီး မုဒိမ်းကျင့်အသတ်ခံရတဲ့ ရှမ်းမလေးတွေပါ” လို့ မှတ်ချက်ပေးခဲ့သလို လမင်းလေး အကောင့်ပိုင်ရှင်ကလည်း “နင်တို့မီဒီယာက အဖွဲ့အစည်းနာမည် မဖော်ပြရဲဘူးဆိုကတည်းက ဘာလဲဆိုတာသိတယ်” လို့ ဝေဖန်ခဲ့ပါတယ်။
MNDAA လက်နက်ကိုင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၆ နာရီခွဲခန့်ကလည်း လုံမွန်းကျေးရွာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ MNDAA လက်နက်ကိုင်နှစ်ဦး စကားများပြီး ပစ်ခတ်ရာမှာ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် ဒီဖြစ်စဥ်မှာ အသက် ၁၅ နှစ်အရွယ် နန်းယိမ်းဟွမ်ဆိုသူ အမျိုးသမီးကြောင့်ဖြစ်တယ်လို့ စွပ်စွဲပြီး မိုင်းယော်တိုက်နယ်၊ နားပင်းရွာရှင်ပြုပွဲအတွင်း အဲဒီနေ့ နေ့လယ် ၂ နာရီခန့်အချိန်မှာ မနန်းယိမ်းဟွမ်ကို ဖခင်နဲ့သူငယ်ချင်းရှေ့ လာဖမ်းသွားခဲ့ပါတယ်။ အခုဖြစ်စဥ်မှာ တရုတ်ကိုးကန့် MNDAA တွေ မုဒိမ်းကျင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ အမျိုးသမီးငယ်သုံးဦးဟာလည်း မနန်းယိမ်းဟွမ်နဲ့ အသက်အတူတူလောက်ပဲရှိမယ့် အမျိုးသမီးတွေဖြစ်တာကြောင့် မိသားစုဘက်က ဖြစ်စဥ်ကို စုံစမ်းနေတယ်လို့လည်း သိရပါတယ်။
