၁၇. ၁. ၂၀၂၃
Written By Myo Khine
ရန်ကုန်မြို့လယ်ရှိ ဧရာဝတီဘဏ်ကို ဓားပြတိုက်ကာ ကျပ်သိန်း ၁၀၀ လုယက်ခဲ့သည့် ဂျာနယ်ပို့ဆောင်သူအား ယနေ့တွင် ကမ္ဘောဇဘဏ်မှ ကျပ်သိန်း ၁၉၀ ထပ်မံဓားပြတိုက်စဥ် ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် အမှတ် (၁၃၁)၊ မြေညီထပ်ရှိ KBZ ဘဏ်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီ ခန့်အချိန်က လုယက်မှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ် သတင်းအရ ရတခလရ(၉၁)ရင်းမှူးဦးစီးအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ အသက် ၃၃ နှစ်အရွယ်၊ သက်ပိုင်ကျော် အား သက်သေခံပစ္စည်းကျပ်သိန်း ၁၉၀ နှင့် ၎င်းကိုယ်ပိုင် ပိုက်ဆံ ၅၄၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ယခုအခါ အဆိုပါ လုယက်မှုကျူးလွန်သူအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် မနရ(ကျောက်တံတား)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သက်ဆိုင်ရာက သိရသည်။
အဆိုပါ လုယက်မှု ကျူးလွန်သူ သက်ပိုင်ကျော်မှာ ဂျာနယ်ပို့သည့်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လသာမြိုနယ်၊ ၁ – ရပ်ကွက်၊လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဧရာဝတီဘဏ်ခွဲအား သေနတ်တုဖြင့် ဓားပြတိုက်ကာ ကျပ်သိန်း ၁၀၀ ကို ခြိမ်းခြောက်လုယက်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။


