
၁၁.၂.၂၀၂၅
Written by KL
လူတစ်ဦးက မီးတုတ်ဖြင့် နေအိမ်ကိုပစ်ရာမှ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာ အုပ်စု၊ ရွှေနန်းပေါ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၁ နာရီ ၂၇ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အလျား ပေ ၃၀၊ အနံ ၁၇ ပေခန့်ရှိသော သွပ်မိုး၊ နံရံကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ်ကို မသမာသူတစ်ဦးက အပြင်မှ မီးတုတ်ဖြင့် ပစ်ပေါက်ခဲ့ရာ အိမ်တံခါးမကြီးဘေးရှိ ကော်ခုံများပေါ်ကျ၍ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မိနစ်၂၀ နီးပါးကြာမြင့်သော မီးလောင်မှုကြောင့် ၂ ထပ်လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် တပ်မတော်သားများ၊ ရပ်ကျေးအဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။
လူနေအိမ်မီးလောင်မှုကြောင့် မီးရှို့သူကို စုံစမ်းလျက်ရှိပြီး ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် ရမည်းသင်းမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
