၆. ၂. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံသည် အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိမ်လည်မှုကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် သက်ဆိုင်ရာနိုင်ငံများနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။


မကြာသေးမီက နယ်စပ်ဖြတ်ကျော် တယ်လီကွန်း လိမ်လည်မှုနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အခြားသော လူကုန်ကူးမှုဆိုင်ရာ ဆိုးရွားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အလေးထားပြီး သက်ဆိုင်ရာနိုင်ငံများအား တိုင်ပင်ဆွေးနွေးကာ အဖြေရှာရန် ခိုင်လုံသော ကြိုးပမ်းအားထုတ်မှုအပေါ် ဆက်စပ်မေးမြန်းမှုအား Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သက်ဆိုင်ရာနိုင်ငံတွေရဲ့ ခိုင်မာတဲ့အရေးယူဆောင် ရွက်မှုတွေကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်။ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ထိုင်းနိုင်ငံအပြင် တခြားနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့၊ နိုင်ငံရပ်ခြားက တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ တရုတ်နဲ့ သက်ဆိုင်ရာနိုင်ငံတွေကြား ပုံမှန်နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံမှုတွေထားရှိဖို့ အဆင်သင့်ပါပဲ” ဟု Lin Jian က ပြောသည်။

မြန်မာ – ထိုင်း နယ်စပ် မြဝတီဘက်ခြမ်းတွင် ဆောင်ရွက်နေသော အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် လန်ချန်း – မဲခေါင် နိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် ဇင်ယော်စစ်ဆင်ရေးကို ယမန်နှစ်အတွင်း ဆောင်ရွက်ခဲ့ရာ လူဦးရေ ၇၀၀၀၀ ကျော်ကယ်ဆယ်နိုင်ခဲ့သဖြင့် ယခုနှစ် အခွင့်သာချိန်တွင်လည်း လန်ချန်း – မဲခေါင်နိုင်ငံများဖြစ်သောကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့က ဇင်ယော် စစ်ဆင်ရေးအပိုင်း (၂) ကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
Ref, Xinhua
