




၁. ၁. ၂၀၂၅
Written by Nyein Kyaw
ရေကြောင်းကုန်စည်ပို့ဆောင်မှုစနစ် ပိုမိုတိုးမြှင့် ပို့ဆောင်နိုင်ရေးအတွက် ကုန်တင်ရေယာဉ်၊ ကွန်တိန်နာတင် ရေယာဉ်များကို ပြည်တွင်း၌ ပိုမိုတည်ဆောက်ပြီး ရေးကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက်ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုများစွာ အထောက် အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေး ထိထိရောက်ရောက် အသုံးချနိုင်အောင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပင်လယ်လမ်းကြောင်းတစ်လျှောက် ကူးသန်းသွားလာမှုမြှင့်တင်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် လိုအပ်မည့် ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်သည့် ကုန်တင်ရေယာဉ်၊ ကုန်တင်တွဲ၊ တွန်းရေယာဉ်၊ ကွန်တိန်နာတင်ရေယာဉ်များကို ထိန်းသိမ်းပြုပြင်ခြင်း၊ ပိုမိုတည်ဆောက်ခြင်းတို့ဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးကဏ္ဍသည် အဓိကကျကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေကြောင်းကဏ္ဍမှ ထောက်ပံ့ပေးနိုင်ရန် တီထွင်ကြံဆမှုများ၊ မြစ်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေး၊ မြစ်တွင်းကုန်စည်ပို့ဆောင်မှုမှ ကမ်းရိုးတန်းခရီးစဉ်နှင့် ရေကြောင်းကုန်စည်ပို့ဆောင်မှု၊ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု၊ ကမ်းရိုးတန်း ခရီးစဉ်ဖြင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ရေကြောင်းကုန်စည်ပို့ဆောင်မှုစနစ်များ ပိုမိုထိုးဖောက် တိုးမြှင့်ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ကြရမည်လည်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ရေရှည်မျှော်မှန်းပြီး ဒလသင်္ဘောကျင်းကဲ့သို့ သင်္ဘောကျင်းများမှ လိုအပ်သည့် ရေယာဉ်များကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သင်္ဘောကျင်းများအနေဖြင့် ရေရှည်ကိုမျှော်မှန်းပြီး စွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
