

၁၇.၁၁.၂၀၂၄
Written By Zun
တောင်ကိုရီးယားနိုင်ငံ(ကိုရီးယားသမ္မတနိုင်ငံ)တွင် မြန်မာအလုပ်သမားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှု ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး လိုက်ပါကူညီသူများထံမှ သိရသည်။
အဆုံးစီရင်သွားသူမှာ တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဖိုချွန်းမြို့၊ ဟွာဟယောင်းမြောင်ရှိ ဓာတ်လှေကားပစ္စည်းထုတ်စက်ရုံရှိ အလုပ်သမားဆောင်တွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် ကိုဖုန်းမင်းကျော် ဖြစ်ကြောင်း သိရသည်။
“မနေ့ညကပဲသူငယ်ချင်းတွေနဲ့ သောက်ကြစားကြတာ၊သန်းခေါင်ကျော်သွားတယ်။ ပြီးတော့ ကိုယ့်အခန်းကိုယ် ပြန်ကြတာ။ ပြီးတော့ ၂ နာရီလောက်မှာ ကိုဇင်မင်းနိုင်က တခြား သူငယ်ချင်းတွေနဲ့ အပြင်ထွက်ကြမယ်လို့ သွားခေါ်တာ သေနေပြီ” ဟု ယင်းဖြစ်စဉ်အပေါ် သေဆုံးသူ၏မိတ်ဆွေက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ကိုဖုန်းမင်းကျော်သည် ဓာတ်လှေကား ပစ္စည်းထုတ် စက်ရုံတွင် အလုပ် လုပ်နေသူဖြစ်ပြီး ၎င်းနှင့်အတူလုပ်ဖော်ကိုင်ဖက် မြန်မာတစ်ဦးတည်းသာရှိကာ တစ်ခန်းစီ အိပ်ကြကြောင်း သိရသည်။
သေဆုံးသူအနေဖြင့် လုပ်ငန်းခွင်အတွင်း အတူတူအလုပ်လုပ်သော သူငယ်ချင်းမိတ်ဆွေများနှင့်လည်း ပြဿနာဖြစ်ဖူးသူမဟုတ်ကြောင်း သိရသည်။
အလားတူ သူ၏မိသားစုနှင့်လည်း စိတ်ဖိစီးစေမည့်အကြောင်းအရာမျိုးရှိသည်ဟုလည်း မကြားဖူးကြောင်း ၊ ပျော်ပျော်နေတတ်သူသာဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင်ဖိုချွန်းရဲစခန်း ရဲဝန်ထမ်းများက ကွယ်လွန်သူ ကိုဖုန်းမင်းကျော်၏ ရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်ကာ ဖိုချွန်း အအေးတိုက်အတွင်းထားရှိကြောင်း၊ နာရေး အစီအစဉ်ကို ထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
“ကိုဖုန်းမင်းကျော်ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ရပါပြီ။ အလုပ်ရှင်လည်း လာပြီး ကြည့်ပြီးသွားပါပြီ။ သူက ကိုရီးယားကို ဒုတိယ အခေါက် ရောက်ရှိလာတာ။ အခုတစ်ခေါက်ရောက်တာ နှစ်နှစ် လောက်ရှိပြီ”ဟု ကိုရီးယားနိုင်ငံတွင်နေထိုင်ပြီး မြန်မာနိုင်ငံသားများအတွက် သာရေး၊ နာရေး လိုက်ပါကူညီနေသူ ကိုဇော်မိုးအောင်က MT News ကို ပြောသည်။
