အထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းတင်သွင်းခဲ့မှု တွေ့ရစဥ် (Photo-Commerce)

၂၆. ၁၂. ၂၀၂၂
Written by Ye Kyaw

လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ နှစ်ဘီလျံကျော် ပိုမိုတင်သွင်းထားပြီး ပုဂ္ဂလိကလုပ်ငန်းများမှ ၉၈ ရာခိုင်နှုန်းကျော်အထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုပမာဏ ဒေါ်လာ ၅ ဒသမ ၇၆၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၇၃၀ ဘီလျံသာရှိသည်။ လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၀၃၅ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

“အခုကတော့ အကြီးစားဆောက်လုပ်ရေးတွေက ရပ်ထားတဲ့သဘောမှာ ရှိတာပေါ့။ ဒါပေမဲ့ လုံးချင်းနဲ့ အစိုးရကနေ ပုဂ္ဂလိကကို တင်ဒါပေးထားတဲ့ စီမံကိန်းလေးတွေက အချိန်မီအပ်ဖို့ မဖြစ်မနေဆောက်နေရတာလေ။ ဘိလပ်မြေကတော့ ပြည်တွင်းထုတ်တွေ အခုသုံးတော့ မသိသာဘူး။ ဆောက်လုပ်ရေးမှာသုံးတဲ့ သံနဲ့ လျှပ်စစ်ပစ္စည်းတွေကတော့ လျှပ်စစ်ပစ္စည်းဆို သုံးသောင်းကျော်တန်က အခုတစ်သိန်းပဲ အဲဒီပစ္စည်းတွေက သုံးဆလောက်တက်လာတဲ့ သ‌ဘောမှာရှိတယ်။ တချို့က ဈေးအတက်အကျမှာ ကြိုဝယ်ထားတာတွေလည်းရှိတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများမှ တင်သွင်းမှုပမာဏ ဒေါ်လာ ၅ ဒသမ ၆၇၇ ဘီလျံရှိပြီး ယခင်နှစ်ထက် ‌ဒေါ်လာနှစ်ဘီလျံကျော် ပိုမိုတင်သွင်းထားသည်။ နိုင်ငံပိုင်လုပ်ငန်းများမှ တင်သွင်းမှုပမာဏ ဒေါ်လာ ၈၇ သန်းကျော်သာရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၃၄ သန်းကျော် ပိုမိုတင်သွင်းထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲတွင် စုစုပေါင်း သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၂ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် ပိုမိုတင်သွင်းထားသည်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုသည် စုစုပေါင်းသွင်းကုန်ပမာဏ၏ ရာခိုင်နှုန်း ၅၀ ခန့်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *