၂၄. ၈. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းမှာ ဩဂုတ်လ ၂၂ ရက်ညမှစပြီး သဲသဲမဲမဲ ရွာသွန်းခဲ့တဲ့မိုးကြောင့် ဒေသတွင်း ရေကြီးမှုများဖြစ်ပေါ်ကာ မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူဦးရေ ၁၀ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။
သေဆုံးသူတွေမှာ မြန်မာနိုင်ငံသားအမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦး၊ ထိုင်းနိုင်ငံသားအမျိုးသမီးတစ်ဦးနဲ့ ရုရှားနိုင်ငံသားအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ပါဝင်တယ်လို့ ဒေသခံအရာရှိတွေက ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေကို မြေပြိုမှုကြောင့် ပျက်စီးလွှမ်းမိုးခံလိုက်ရတဲ့အိမ်တွေအတွင်း ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။ ဒါ့ပြင် အခြားလူတစ်ဦးကလည်းပျောက်ဆုံးနေတယ်လို့ ပြောခဲ့ကြပါတယ်။
ရေကြီးမြေပြိုမှု သဘာဝဘေးက ဒေသအတွင်း မိသားစု ၂၅၀ ကို သက်ရောက်မှုရှိခဲ့တယ်လို့သိရပြီး မိသားစု ၂၅ စုမှ လူငါးယောက်ကိုတော့ ပျက်စီးမှုတွေကြားက ဘေးကင်းရာကို ကယ်ဆယ်ပြောင်းရွှေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
အသက်ဘေးမှလွတ်မြောက်လာတဲ့ အသက် ၃၄ နှစ်ရှိ ဆူခွန်နာမတ် ဆိုတဲ့ ထိုင်းအမျိုးသမီးတစ်ဦးက မနက် ၅ နာရီလောက်အိပ်ပျော်နေစဉ် ကျယ်လောင်သောအသံကြီးတစ်ခုကြောင့် နိုးလာခဲ့ရာမှာ အိမ်ရဲ့ နံရံတွေရော အမိုးတွေပါ အားလုံးက တစ်ခုခုက ဆွဲယူသွားသလို ခံစားလိုက်ရတယ်လို့ဆိုပါတယ်။ အဲဒီမှာ သူမက အိမ်အမိုးပေါ်ကိုအမြန်ပြေးတက်ခဲ့ရာမှာ မြေပြိုလို့ ရေနဲ့ရွှံ့နွံတွေဖုံးလွှမ်းသွားမှုက လွတ်မြောက်ပြီး အသက်ဘေးကလွတ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
မြန်မာဘက်က သတင်းတွေအရ မြေပြိုမှုဟာ နံနက် ၅ နာရီအချိန် အိပ်မောကျနေစဥ်မှာ အိမ်တွေအပေါ်ပြိုကျမှုဖြစ်သွားခဲ့တာကြောင့် ပြေးလွှားချိန်မရဘဲ သေဆုံးကုန်တာလို့ သိရသလို ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ ကမြောကြီး၊ မောင်းမကန် ဒေသတွေကနေ ထိုင်းနိုင်ငံဆီ သွားရောက်လုပ်ကိုင်နေသူ စုစုပေါင်း (၈) ဦး သေဆုံးသွားပြီး ထပ်တိုးသေဆုံးမှုလည်း ရှိနိုင်တယ်လို့ Nay Thu Aung အကောင့်သုံးစွဲသူက ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာလူမျိုး ၅ ဦးထက်မနည်း ပျောက်ဆုံးနေတာကြောင့် ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။
Ref- Khaosod