November 13, 2024
photo_2024-06-22_13-29-07

◾ လာမည့်ရက်များတွင် ရေကြီးမှုများ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိနေ

၂၂.၆.၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း၊ ဂွမ်ဒုံပြည်နယ်အတွင်း ဇွန်လ ၁၆ ရက်မှစတင်ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကြုံစဖူး ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပေါ်ကာ ပြည်နယ်အတွင်း သေဆုံးရသူအရေအတွက်မှာ ၄၇ ဦးရှိသွားပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက် သတင်းများတွင် ဖော်ပြခဲ့ကြ သည်။

ပြည်နယ်အတွင်း၌ မီဇိုမြို့တွင် လူအသေအပျောက်အများဆုံးဖြစ်ကာ ၃၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းတွင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများနှင့် ရွှံ့ပြိုမှုများလည်းဖြစ်ခဲ့ကာ အာဏာပိုင်များက နိုင်ငံအတွင်း အခြားဒေသများတွင်ပါ ရေလွှမ်းမိုးမှုများဖြစ်လာနိုင်ကြောင်း သတိပေး ချက်ထုတ်ပြန်ခဲ့သည်။

ပြည်နယ်အတွင်း ဇွန်လ ၁၆ ရက်မှ ဇွန်လ ၁၈ ရက်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာတွင် သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ အိမ်များလည်း ပြိုလဲခဲ့ရသည်။ မီဇိုမြို့ကို ရစ်ပတ်စီးဆင်းနေသော ဆုန်ယွန်မြစ်က အကြီးမားဆုံးမြစ်ရေလျှံကာ ရေကြီးမှုဖြစ်ပေါ်ခဲ့ရသည်။

ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လမ်းများလည်းပျက်စီးကာ စီးပွားရေးအရဆုံးရှုံးမှုများမှာ ဂျောင်လင်းခရိုင်တွင် ယွမ်ငွေ ၃ ဒသမ ၆၅ ဘီလျံ(အမေရိကန်ဒေါ်လာ ၅၀၂ သန်း) နှင့် မေရှင်းခရိုင်တွင် ယွမ်ငွေ ၁ ဒသမ ၀၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၁၄၆ သန်း) ရှိမည်ဟုခန့်မှန်းရသည်။

အမျိုးသားမိုးလေဝသဌာနက နောက် ၂၄ နာရီအတွင်း နိုင်ငံ၏အခြားဒေသများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုဆိုးဝါးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် နိုင်ငံတောင်ပိုင်းပြည်နယ်များနှင့် မြောက်ပိုင်းရှိပြည်နယ်အချို့အတွက် အထူးသတိပေးချက်ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားခဲ့သည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *