ဒဏ်ရာရရှိခဲ့မှုများကို တွေ့ရစဥ်

MT News

Written by Min Mahar

မန္တလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးကင်းစောင့်နေသော တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၈ ရက် နေ့ ညနေပိုင်းက STF-MDY အဖွဲ့မှ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဒေး၀န်းအနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားရှိ ဒေး၀န်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးကင်းစောင့်နေသည့် တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက အောက်ကမ်းနားလမ်းအတိုင်း တောင်ဘက်မှမြောက်ဘက်သို့ အမျိုးသား ၂ ဦးမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးသည် ရပ်ကွက်ရုံး၏ အရှေ့တောင်ဘက်အနီးသို့ရောက်ရှိစဉ် နောက်မှ ထိုင်လိုက်ပါလာသူမှ ၂ လုံးပူးထားသည့် လက်လုပ်ဗုံးဖြင့် ရုံးအတွင်းသို့ ပစ်ပေါက်၍ လမ်း ကြားလမ်းအတိုင်း အရှေ့ဘက်သို့မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“အသံအကျယ်ကြီးပဲ။ အုံး ဆိုပြီးကွဲသွားတာ။ ၂ ဆင့်တောင်ပေါက်ကွဲသွားတာ။ ကင်းစောင့်နေတဲ့စစ်သားတွေကလည်း ပြန်ပစ်ကြတယ်။ ဆယ်ချက်ကျော်လောက်ရှိမယ်။ လက်ပစ်ဗုံးက ရုံး၀န်းအရှေ့မျက်နှာစာကိုကျပြီးတော့ ပေါက်ကွဲသွားတယ်။ အချို့ခြင်းခတ်နေတဲ့ စစ်သားတွေလည်းထိသွားတယ်လို့တော့ ကြားတယ်” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူမှ ဆိုထားသည်။

အဆိုပါ ဗုံးပစ်ဖောက်ခွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲဝင် ၄ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့သောကြောင့် နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းကားဖြင့် နန်းတွင်းစစ်ဆေးရုံကိုပို့ဆောင်ခဲ့ကြပြီး ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။

ယင်းဖောက်ခွဲမှုကို Special Task Force-Mandalay (STF-MDY) အဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်သည်ဟုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *