၁၄. ၃. ၂၀၂၄
Written by Pan Ei

ဂျပန်နိုင်ငံမှာ ခေတ်မီတဲ့ ပိုးသတ်ဆေးတွေကိုတောင် ခံနိုင်ရည်ရှိနေတဲ့ ကြမ်းပိုးတွေကို ခုရက်ပိုင်းအတွင်းမှာပဲ ရထားထိုင်ခုံတွေနဲ့ နိုင်ငံခြားက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကြားမှာ တွေ့ရှိနေကြရတာကြောင့် ဂျပန်ပြည်သူတွေဟာ ကြမ်းပိုးတိုးပွားလာမှုနဲ့ ပတ်သက်ပြီး ထိတ်လန့်တကြား ကြုံတွေနေကြရပါတယ်။

ဂျပန်နိုင်ငံသား အများအပြားဟာ ရထား ထိုင်ခုံပေါ်တွေမှာနဲ့ ကြမ်းပြင်ပေါ်မှာ တွားသွားနေကြတဲ့ ကြမ်းပိုးကောင်တွေရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့ကြရာ ကြမ်းပိုးကိစ္စက ကျယ်ကျယ်ပြန့်ပြန့် အာရုံစူးစိုက်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ချွေးထုတ်ခန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနတွေမှာ ကြမ်းပိုးတွေကို တွေ့မြင်ရလေ့ရှိတာကြောင့် တောင်ကိုရီးယားက ဆိုးလ်မြို့ အပါအဝင် တခြားဒေသတွေမှာပါ ကြမ်းပိုးကြောက်လန့်မှုတွေ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ တချို့သောလူတွေက အများသူငှာ သယ်ယူပို့ဆောင်ရေးတွေကို လုံးဝရှောင်ကြဉ်ကြဖို့နဲ့ ကြမ်းပိုးတွေသယ်ဆောင်လာနိုင်တဲ့ ပစ္စည်းအထုပ်တွေကိုလည်း လက်ခံရရှိခြင်းနဲ့ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက ရထားလိုင်းတစ်ခုဖြစ်တဲ့ JR East က တာဝန်ရှိသူတွေကလည်း ခရီးသည်တွေရဲ့ ကျန်းမာရေးကို စိုးရိမ်ရလို့ ပုံမှန်ရထားသန့်ရှင်းရေးအတွက် ဓာတုပိုးသတ်ဆေးတွေကို အသုံးမပြုနိုင်တာကြောင့် သန့်ရှင်းရေးဝန်ထမ်းတွေကို တာဝန်တွေအတွက် သတိထားဖို့ ညွှန်ကြားထားကြောင်းပြောကြားခဲ့ကာ ကြမ်းပိုးတွေ့ရှိပါကလည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူတို့က အလေးပေးပြောကြားခဲ့ပါတယ်။

တခြားတစ်ဖက်မှာလည်း ဂျပန်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင်လေ့လာရေးသိပ္ပံရဲ့ဒါရိုက်တာက ခရီးသွားကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပြီးနောက် နိုင်ငံခြားခရီးသွားတွေ ဝင်ရောက်လာတာတွေက နိုင်ငံတွင်းမှာ ကြမ်းပိုးတွေ ရောက်ရှိလာနိုင်ခြေကို တိုးမြင့်လာစေကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေက လာမဲ့ မေလမှာ ဖြစ်နိုင်ခြေရှိတဲ့ ကြမ်းပိုးပြန့်ပွားမှု၊ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မှုတွေကို ထုတ်ဖော်ခဲ့ပြီး ပြည်သူတွေကို နိုးနိုးကြားကြားရှိနေဖို့ တိုက်တွန်းထားပါတယ်။

ဒါတင်မကသေးဘဲ ဒေသတွင်း သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေကလည်း အင်းဆက်ပိုးသတ်ဆေးတွေအားလုံးကို ခုခံနိုင်စွမ်းရှိတဲ့ “စူပါကြမ်းပိုး” တွေ ပေါ်ပေါက်လာနိုင်သေးတယ်လို့လည်း အစီရင်ခံတင်ပြထားပါတယ်။

တုံ့ပြန်မှုအနေနဲ့ သန့်ရှင်းရေးလုပ်ငန်း ဝန်ဆောင်မှုပေးသူတွေက နိုင်ငံရပ်ခြားက ပက်ကေ့ခ်ျတွေ လက်ခံရရှိတဲ့အခါ ကတ်ထူပုံးတွေကို အိမ်အပြင်မှာပဲဖွင့်ကာ စွန့်ပစ်ကြဖို့ အကြုံပြုထားပြီး အိမ်ထဲမယူဆောင်ခင် စစ်ဆေးဖို့လည်း အကြံပေးထားပါတယ်။

Ref; Dimsum Daily

Leave a Reply

Your email address will not be published. Required fields are marked *