၉. ၃. ၂၀၂၄
Written by Pan Ei

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၇ သန်းခန့် ထပ်မံပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သောကြာနေ့ (မတ်လ ၈ ရက်)က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါ ရိုကိုက ပြောကြားခဲ့ကြောင်း ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားပြီး သုံးနှစ်အကြာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သလို နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူပေါင်း ၁၈ ဒသမ ၆ သန်းလောက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသေးတယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့အပြင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် အကူအညီတွေ ပေးအပ်သွားဖို့ စီစဉ်လျက်ရှိနေပါတယ်။

ထောက်ပံ့ကူညီမှုမှာ အစားအသောက်နဲ့ ဆေးဝါးဖြန့်ဖြူးရေး၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေအတွက် အာဟာရမြှင့်တင်ပေးမှုတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အရပ်သားအများအပြားသေဆုံးပြီး ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေအတွက် သူမ အလွန်ဝမ်းနည်းမိကြောင်း ကာမီကာဝါ က သတင်းထောက်တွေကို ပြောကြားခဲ့သလို အခက်အခဲကြုံတွေ့နေရသူတွေရဲ့ လိုအပ်ချက်တွေကို ဂရုတစိုက်ဆုပ်ကိုင်ရင်းနဲ့ ဂျပန်က မြန်မာပြည်သူတွေဘက်က ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

Ref; NHK News

Leave a Reply

Your email address will not be published. Required fields are marked *

Related News