၉. ၃. ၂၀၂၄
Written by Pan Ei

အမေရိကန်-မက္ကဆီကိုနယ်စပ်တစ်လျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်နေတဲ့ စစ်ရဟတ်ယာဉ်တစ်စင်း တက္ကဆက်ပြည်နယ်မှာ မတ်လ ၈ ရက် (သောကြာနေ့)က ပျက်ကျခဲ့လို့ လိုက်ပါလာတဲ့ စစ်သားနှစ်ဦးနဲ့ အမေရိကန် နယ်ခြားစောင့်တပ်သားတစ်ဦး သေဆုံးပြီး တခြားစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။

UH-72 Lakota ရဟတ်ယာဉ်ဟာ နယ်စပ်မှာ ဝေဟင်စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်းစတဲ့ စစ်ဘက်ရေးရာတွေ လုပ်ဆောင်နေချိန် တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒီမြစ်အနီးမှာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ပျက်ကျခဲ့တာဖြစ်တယ်လို့ အမေရိကန်တပ်မတော်က ဗိုလ်မှူး ရိုင်ယန် ဝိုဇ်ဘစ်ကီ က ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး မတော်တဆမှုဖြစ်ပွားချိန်က ရာသီဥတုအခြေအနေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေတော့ သူ့မှာ မရှိသေးဘူးလို့ ဝိုဇ်ဘစ်ကီက ပြောပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ နိုင်ငံပိုင် နယ်ခြားစောင့်ကြပ်ရေး အစီအစဉ်ဖြစ်တဲ့ Operation Lone Star ရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ဘဲ တက္ကဆက်ပြည်နယ် အမျိုးသားအစောင့်တပ်တွေနဲ့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနတို့က သုံးတဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဗိုလ်မှူးက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *