၁၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အချို့သော ဥရောပနိုင်ငံများမှ သံတမန်များက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အနေဖြင့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်၍ အနိုင်ရသွားခဲ့မည်ဆိုပါက ယူကရိန်းသို့ အမေရိကန်၏ စစ်ရေးအထောက်အပံ့များကို ဖြတ်တောက်ပစ်နိုင်ပြီး နေတိုးမဟာမိတ်များသို့ ပေးထားခဲ့သော ကတိများကိုလည်း ဖောက်ဖျက်မည်ကို အထူးစိုးရိမ်နေကြကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
ဥရောပတိုက်နိုင်ငံများ၏ အမေရိကန်နိုင်ငံဆိုင်ရာ ယခင်နှင့်လက်ရှိ သံတမန်များနှင့် သံတမန်လက်ထောက် နှစ်ဆယ်နီးပါး၏ ပြောကြားချက်များက အကယ်၍သာ ထရန့်အနေဖြင့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်၍ အနိုင်ရသွားခဲ့မည်ဆိုပါက ပင်တဂွန်ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီအိုင်အေ တို့တွင် ၎င်းအားသစ္စာရှိသူများကို ပြောင်းလဲခန့်ထားလာဖွယ်ရှိကြောင်း၊ ၎င်းက ယူကရိန်းစစ်ပွဲမှသည်တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးအထိ ကိစ္စရပ်များတွင် အမေရိကန်အစိုးရ၏ရပ်တည်ချက်များကိုလည်း အပြောင်းအလဲများဖြစ်လာစေနိုင်ကြောင်းဟု ဆိုခဲ့ကြ ကြောင်း သိရသည်။
Reuters သတင်းဌာနက တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သော ဥရောပ သံတမန်ရှစ်ဦးက ထရန့်အနေနှင့် အမေရိကန်အစိုးရက ကတိပြုထားခဲ့သော နေတိုးမဟာမိတ်များကိုကာကွယ်ပေးမည်ဆိုသည့်အပေါ် ဆက်လက် လိုက်နာကျင့်သုံးပါမည်လားဆိုသည်ကို သံသယရှိကြပြီး ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းကိုအထောက်အပံ့များ ဖြတ်တောက်ရပ်ဆိုင်းမည်ဆိုသည်ကိုလည်း စိုးရိမ်မိကြကြောင်း ပြောခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ ဥရောပ မြောက်ပိုင်းနိုင်ငံတစ်ခုမှ ဝါရှင်တန်သို့ရောက်ရှိနေသော သံတမန်တစ်ဦးက ၎င်းနှင့် လုပ်ဖော်ကိုင်ဘက်များအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း ထိုကိစ္စများနှင့်ပတ်သက်၍ ထရန့်၏ လက်ထောက်များအား ဆက်သွယ်ခဲ့ကြသေးကြောင်း ပြောခဲ့ကြသည်။
သမ္မတဟောင်းဒေါ်နယ်ထရန့် ၏မူဝါဒသဘောထားဟုပင်ဆိုနိုင်သော ၎င်း၏အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ် အိုဘရီယန်နှင့် Reuters သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခဲ့ရာတွင် အိုဘရီယန်က ထရန့် အနေဖြင့် ဥရောပသို့စစ်ရေးအထောက်အပံ့များဖြတ်တောက်ရန်နှင့် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများပိုမိုလျှော့ချရန်တို့အတွက် လိုလားတိမ်းညွတ်ပုံပေါက်သည်ဟု ပြောခဲ့ပြန်သည်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်သည်။လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သမ္မတအဖြစ် ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်ရန် လာမည့်ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်သွားမည်ဟု ဧပြီလကပြောခဲ့သည်။ သမ္မတဟောင်းဒေါ်နယ်ထရန့်ကလည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကပင် ကြေညာခဲ့သည်။
Ref- -Reuters
