၅. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုမှာအကျင့်ပျက်ခြစားမှုဆိုင်ရာစွဲချက်များဖြင့် တရားစွဲခံရပြီး ကြာရှည်စွာရုံးတင်စစ်ဆေးခံနေရရာမှ ဂါဇာကမ်းမြောင်ဒေသအတွင်း အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေး-ဟားမားစ် စစ်ပွဲကြောင့် တရားရုံးစစ်ဆေးမှုကို ရပ်တန့်ထားခဲ့ရာ ဒီဇင်ဘာ ၄ ရက်ကမူ တရားရုံးစစ်ဆေးမှု ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်နေတန်ရာဟုအား လိမ်လည်လှည့်ဖြားမှု၊ လာဘ်ပေးလာဘ်ယူပြုမှုနှင့် ယုံကြည်ကိုးစားမှုကို ချိုးဖောက်မှုတို့ဖြင့် ၂၀၁၉ ခုနှစ်တွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး အမှုတွဲ ၁၀၀၀ ၊ ၂၀၀၀ နှင့် ၄၀၀၀ တို့အဖြစ် လူသိများကြသည်။ အစ္စရေး-ဟားမားစ် စစ်ပွဲ စတင်လာသည်တွင် တရားရေးဝန်ကြီးက ဝန်ကြီးချုပ်အပေါ် ရုံးတင်စစ်ဆေးမှုအား ခေတ္တရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် စစ်ဆေးမှု ပြန်လည်စတင်ခြင်းဖြစ်သည်။

ဂျေရုဆလမ်မြို့ရှိ တရားရုံးတစ်ရုံး၌ ဝန်ကြီးချုပ်နေတန်ရာဟုအပေါ် အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားစွဲချက်များဖြင့် ပြန်လည်စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။ အမှုတွဲ ၁၀၀၀ ဆိုလျှင် ဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူ ဆာရာ တို့အား လက်ဆောင်ပစ္စည်းများလက်ခံရယူခဲ့သည်ဟုစွပ်စွဲထားပြီး၊ ထင်ပေါ်ကျော်ကြားသော ဟောလီးဝုဒ်မှရုပ်ရှင်ထုတ်လုပ်သူ အာနွန် မီလ်ချန်နှင့် ဩစတြေးလျမှစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ ဂျိမ်းစ်ပက်ကာတို့ထံမှ ရှန်ပိန်အရက်နှင့် စီးကရက်များကို လက်ခံကာအပြန်အလှန်အားဖြင့် နိုင်ငံရေးမျက်နှာသာပေးမှုပြုခဲ့သည်ဟု စွပ်စွဲထားသည်။

လာဘ်ပေးလာဘ်ယူပြုမှုများက အစ္စရေးနိုင်ငံတွင် ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ငွေဒဏ်ပါကျခံရနိုင်သည်။ လိမ်လည်လှည့်ဖြားမှုနှင့် ယုံကြည်ကိုးစားမှုကို ချိုးဖောက်မှုတို့ကလည်း ထောင်ဒဏ်သုံးနှစ်စီအထိ အပြစ်ပေးနိုင်သည်။

အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ် သက်တမ်းအကြာရှည်ဆုံးလည်းဖြစ်သော နေတန်ရာဟု ကမူ ၎င်းအနေ ဖြင့် တစ်စုံတစ်ရာမှားယွင်းဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းအနေဖြင့် နိုင်ငံရေးအရ ပြိုင်ဘက်များနှင့် မီဒီယာများ၏ ဇတ်တိုက်စည်းဝါးရိုက်ကာ နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် ကြိုးပမ်းခံရသူသာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နေတန်ရာဟု အားတရားရုံးစစ်ဆေးမှုက ၂၀၂၀ ခုနှစ် မေလကပင်စတင်ခဲ့ပြီး တရားခံဘက်နှင့် တရားလိုဘက်အငြင်းပွားမှုများ၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုများကြောင့် နှောင့်နှေးမှုများစွာဖြစ်ခဲ့ရသည်။
Ref—-Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *