၅. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသော ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦးကို ဒီဇင်ဘာ ၄ ရက်က ဘေးကင်းရာသို့ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦးသည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် Nội Bài နိုင်ငံတကာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသားများကို ဘေးကင်းစွာဖြင့် ပြန်လည် ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ဗီယက်နမ်သံရုံးက ပြောသည်။ ဗီယက်နမ်အစိုးရသည် မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သော ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦးအတွက် ကုန်ကျစရိတ်များကို တာဝန်ယူပေးခဲ့ကြောင်း ဗီယက်နမ်အခြေစိုက်သတင်းတွင်ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-12-05_15-03-15.jpg

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အခြားအရှုပ်အထွေးများရှိနေခြင်းက မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားများ၏ ရှင်သန်နေထိုင်မှုများကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ရန်အတွက် မြန်မာအာဏာပိုင်များအပြင် အခြားမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးကလည်း ၎င်းတို့သည် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၈၀၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ရန် ခရီးသွားစာရွက်စာတမ်းများနှင့်အတူ အခြားလိုအပ်သော စာရွက်စာတမ်းများ ထုတ်ပေးခွင့်ပြုခဲ့ရကြောင်း ပြောသည်။

ဗီယက်နမ်နိုင်ငံသားအများစုသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသော ဂိုဏ်းများ၏ ဖြားယောင်းခေါ်ဆောင်ခြင်းခံရပြီးနောက် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း၊ မိခင်နိုင်ငံသို့ ပြန်ပို့ဆောင်ခဲ့သော ဗီယက်နမ်နိုင်ငံသားများထဲတွင် လူငယ်အများစုပါဝင်ခဲ့ကြောင်း ဗီယက်နမ်သံရုံးကပြောသည်။ မိခင်နိုင်ငံသို့ ပြန်ပို့ပေးခဲ့သော ဗီယက်နမ်နိုင်ငံသားများကို ၎င်းတို့၏အလုပ်ရှင်ဖြစ်သော အွန်လိုင်းလိမ်လည်သည့် ဂိုဏ်းများမှ ပြန်လွှတ်ပေးခြင်း၊ မြန်မာအာဏာပိုင်များကပြန်ကယ်တင်ပေးခဲ့ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Ref; vietnamnews

Leave a Reply

Your email address will not be published. Required fields are marked *