၂၇. ၁၁. ၂၀၂၃
Written by Nay Aung

တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် လောက်ကိုင်မြို့တွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား ၁၂၇ ဦးသည် လက်ရှိအချိန်တွင် ဘေးကင်းသောနေရာကို ရောက်ရှိနေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Dr Zambry Abd Kadir က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါ မလေးရှားနိုင်ငံသား ၁၂၇ ဦးကို လာမည့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်ခေါ်ယူရန် စီစဉ်ထားကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးသည် ပြန်ကယ်တင်ထားသော မလေးရှားနိုင်ငံသား ၁၂၇ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စီစဉ်နေပြီး မြန်မာအာဏာပိုင်များထံမှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ၎င်းကပြောသည်။

မလေးရှားနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်ယူရန် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသလို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကို ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများအနက် အများစုက အွန်လိုင်းမှတစ်ဆင့် အလုပ်ကိုင်အခွင့်အလမ်းကောင်းများရမည်ဟု မက်လုံးပေးခေါ်ယူခံရကာ သားကောင်ဖြစ်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။ မလေးရှားသံရုံးအနေဖြင့် လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများအပြင် အင်ဒိုနီးရှားနှင့်ဟောင်ကောင် လူမျိုးများကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် နိုင်ငံခြားသားများသည် လောက်ကိုင်မြို့တွင် ပိတ်မိနေခဲ့ပြီး မြန်မာအာဏာပိုင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ကယ်တင်ခဲ့ရာ ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။

Ref; malaymail

Leave a Reply

Your email address will not be published. Required fields are marked *