၂၈. ၁၁. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မိုးကြိုးနဲ့ မိုးသီးမုန်တိုင်းတွေကြောင့် လူပေါင်း ၂၄ ဦးသေဆုံးပြီး လူ ၂၃ ဦးလောက် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက တနင်္လာနေ့ (နိုဝင်ဘာ ၂၇ ရက်) မှာပြောကြားခဲ့သလို ပြည်နယ်အတွင်း မနေ့က မိုးတွေ ဆက်လက်ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

ဂူဂျာရတ်မှာ ဆောင်းရာသီအတွင်း မိုးကြိုးပစ်တာတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထမရှိကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောကြားခဲ့ပြီး သေဆုံးသူ ၂၄ ဦးအနက် ၁၈ ဦးဟာ မိုးကြိုးပစ်တာကြောင့် သေဆုံးခဲ့တာဖြစ်သလို မိုးရွာသွန်းမှုကြောင့် တိုင်းနဲ့ပြည်နယ်အနှံ့ နေအိမ်တွေ ပျက်စီးကာ ကျွဲနွားတွေလည်း သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂူဂျာရတ်ပြည်နယ်မှာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ မိုးကြိုးမုန်တိုင်းတွေ မိုးသီးမုန်တိုင်းတွေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တချို့နေရာတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၄၄ မီလီမီတာ (၅ ဒသမ ၇ လက်မ) အထိ ရွာသွန်းခဲ့တယ်လို့ ပြည်နယ်အစိုးရက ဖော်ပြခဲ့ပါတယ်။

လျှပ်တပြက် ရေကြီးခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ အပူချိန်တွေ မြင့်တက်လာတာဟာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေကို အရှိန်မြှင့်ပေးနေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *