◼️ နေတန်ရာဟုက ဟားမားစ်တို့ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်ယန္တရားတွေ လုံးဝမပျက်မချင်း အစ္စရေးက တိုက်ခိုက်သွားမယ်လို့ ပြောကြား

၁၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tum

ရုရှားသမ္မတဗလာဒီမာ ပူတင်က ဟားမားစ်တို့ရဲ့ အစ္စရေးနိုင်ငံကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှု စတင်ချိန်ကစလို့ ပထမဆုံးသောအကြိမ်အဖြစ် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုထံ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မှုပြုခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်းမှခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့ရဲ့ သဘောထားတွေကို အကျဉ်းချုပ်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ရုရှားအစိုးရကထုတ်ပြန်တဲ့ ကြေညာချက်အရ ခေါင်းဆောင်နှစ်ဦးက အစ္စရေး-ဟားမားစ်ပဋိပက္ခ အရှိန်မြင့်လာခြင်းရဲ့ ရလဒ်ဖြစ်တဲ့ လက်ရှိအကျပ်အတည်းအခြေအနေကို အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတပူတင်က စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ အစ္စရေးပြည်သူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ကိုယ်ချင်းစာနာမိပါကြောင်း ပြောခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့ပြင် သမ္မတပူတင်က အကြမ်းဖက်မှုတွေ ဆက်လက်အရှိန်မြင့်လာခြင်းကိုတားဆီးပြီး အခြေအနေကို ပုံမှန်ဖြစ်စေဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးဖြစ်မလာ‌စေဖို့ ရုရှားအစိုးရရဲ့ဆောင်ရွက်ချက်အဆင့်တွေကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတပူတင်က အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်လ် ဖာတာ အယ်လ်-စီစီ၊ အီရန်သမ္မတ အီဘရာဟင် ရေစီ၊ ဆီးရီးယားသမ္မတ ဘရှာ အယ်လ်အာဆတ်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ခေါင်းဆောင် မာမွတ်အက် ဘာစ် တို့ကိုလည်း ဖုန်းနဲ့ ဆက်သွယ်ပြောခဲ့ပါသေးတယ်။

ရုရှားအစိုးရရဲ့ကြေညာချက်မှာ နေတန်ရာဟုက သမ္မတပူတင်အနေနဲ့ ပဋိပက္ခကိုအဆုံးသတ်ဖို့ အခြေခံအားဖြင့်လိုလားမှုရှိပြီး နိုင်ငံရေးနဲ့သံတမန်ရေးနည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းသွားလိုပုံရတယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ခေါင်းဆောင်နှစ်ဦးရဲ့ဖုန်းပြောမှုမှာ အစ္စရေးအနေနဲ့ ဟားမားစ်တို့ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်ယန္တရားတွေ လုံးဝမပျက်မချင်း တိုက်ခိုက်သွားမယ်လို့ သမ္မတပူတင်ကို တုံ့ပြန်ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုရှားအစိုးရအနေနဲ့ အစဉ်အလာအားဖြင့် အစ္စရေးနဲ့ရော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပြီး ဒီကိစ္စမှာပါဝင်နေတဲ့ ဆီးရီးယား၊ အီဂျစ်၊ အီရန်တို့နဲ့လည်း ဆက်ဆံရေးကောင်းမွန်ပါတယ်။

Ref—–The Moscow Times, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *

Related News