၁၀. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေးကို ဟားမားစ်တို့စတင် တိုက်ခိုက်မှုများ၌ အစ္စရေးနိုင်ငံအတွင်း အမေရိကန်နိုင်ငံသား ၁၁ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူအရေအတွက်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။
သမ္မတဂျိုးဘိုင်ဒန်က “ဒီရက်သတ္တပတ်အကုန်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ အစ္စရေးနိုင်ငံကို တုန်လှုပ်ချောက်ချားဖွယ်ဝင်ရောက်တိုက်ခိုက်မှုနဲ့ ရာပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေသတ်ဖြတ်ခံရမှုတွေက ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးတွေအဖြစ် မှတ်ယူရမှာပါ” လို့ ကြေညာချက်မှာ ပြောခဲ့ပါတယ်။
ထို့အပြင် ဘိုင်ဒန်က အစ္စရေး၌ဖြစ်ပွားသော တိုက်ပွဲများအတွင်း အနည်းဆုံး အမေရိကန်နိုင်ငံသား ၁၁ ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသားအများအပြားက အစ္စရေးနိုင်ငံတွင် ၎င်းတို့၏ဒုတိယမြောက်အိမ်အဖြစ်နေထိုင်နေကြကြောင်း ပြောခဲ့သည်။
ထို့အတူ ဂျိုးဘိုင်ဒန်က စစ်ပွဲအတွင်း အမေရိကန် နိုင်ငံသားအများအပြားက ဓားစာခံများအဖြစ် ဟားမားစ်တို့၏ ဖမ်းဆီးခြင်းကိုခံရဖွယ်ရှိကြောင်း၊ ၎င်း၏အစိုးရအနေဖြင့် ဓားစာခံများအရေးအတွက် အစ္စရေးတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောခဲ့သည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် ဟားမားစ်တို့ ၏ လက်ထဲကျရောက်နေသောဓားစာခံများကို ကယ်ဆယ်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အထူးစစ်ဆင်ရေးစီမံချက်များနှင့်ညထောက်လှမ်းရေးအကူအညီများ အစ္စရေးသို့ ပေးသွားရန်ကမ်းလှမ်းထားကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောခဲ့သည်။
ကာတာအစိုးရကလည်း အစ္စရေးတွင် အဖမ်းခံရသောဓားစာခံများလွတ်မြောက်ရေးအတွက် ဟားမားစ်တို့နှင့်ဆွေးနွေးလျက်ရှိကာ အမေရိကန်အစိုးရကလည်း ကာတာအစိုးရနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
Ref, CNN
