၉. ၁၁. ၂၀၂၂

Written by Thettant

ကမာကြည်တံတားအဆင်းတွင် ယနေ့နံနက်အစောပိုင်းက ယာဥ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိပြီး လေးဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကမာကြည်တံတားအဆင်း ၈/၉ လမ်းဆုံအနီးတွင် ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တစ်ပြေးညီထွက်ခွာကာ လူနာ (၄)ဦးအား ကူညီပေးခဲ့သည်။ ယာဥ်တိုက်မှုအရှိန်ကြောင့် ယာဥ်ပေါ်ပါ လေးဦးတွင် ပေါင်ရိုးကျိုးသူတစ်ဦး၊ ခြေထောက်ထိခိုက်သူနှစ်ဦးနှင့် ဦးခေါင်းထိခိုက်သူ တစ်ဦး လေးဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်တွင် ဒဏ်ရာရရှိသူများအား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း၊ မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း၊ အောင်မဂ်လာလူမှုကူညီရေးအသင်း(မိတ်ဖက်)ကားတို့ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကူညီခဲ့ပါသည်။

ထို့ပြင် ဖြူစင်မေတ္တာ-အောင်ရတနာလူမှုကူညီရေးအသင်း၊ သဂ်ဟလူမှုကူညီရေးအသင်းတို့မှလည်း ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် ဝန်းရံကူညီပေးခဲ့သည်ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *