MT News

Written by Nay Aung

မြန်မာနိုင်ငံအခြေစိုက်ကာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသော ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် မလေးရှားနိုင်ငံသား ၁၀၀၀ ခန့် ပိတ်မိနေပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်သောလုပ်ငန်းများ အတင်းအကြပ်ခိုင်းစေခံနေရကြောင်း မလေးရှားနိုင်ငံတကာ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးအဖွဲ့ (MHO) က ပြောသည်။

MHO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဒါတွတ် ဟီရှာမွတ်ဒင်ဟာရှင်က မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် မလေးရှားနိုင်ငံသားများ ပိတ်မိနေပြီး လုပ်ငန်းများကို အတင်းအကြပ်ခိုင်းစေခံနေရသည်ဆိုသော သတင်းပေးတိုင်တန်းချက်ပေါင်း ဒါဇင်ချီကိုလက်ခံရရှိခဲ့ကြောင်း ပြောသည်။ အဆိုပါဂိုဏ်းများသည် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများကို ပြန်လွှတ်ပေးစေလိုလျှင် မလေးရှားရင်းဂစ် ထောင်နှင့်ချီပေးရန် တောင်းဆိုမှုများရှိနေသလို ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း မိသားစုဝင်များက ပြန်လည်ပြောဆိုထားသည်။

၎င်းက ” ကျွန်တော်တို့ဟာ အမျိုးသမီးတစ်ဦးရဲ့တိုင်ကြားစာကိုလက်ခံရခဲ့တယ်။ အဲဒီတိုင်ကြားစာထဲမှာ အမျိုးသမီးက သူရဲ့သားဖြစ်သူဟာ မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းတွေလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့အကြောင်းကို ဖော်ပြထားတယ်။ ဒါ့အပြင် သားဖြစ်သူကိုပြန်လွှတ်ပေးစေလိုရင် မလေးရှားရင်းဂစ် ၁ ဒသမ ၂ သန်းပေးဖို့ လူကုန်ကူးဂိုဏ်းတွေက တောင်းဆိုတဲ့အချက်လည်း ပါဝင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်သည့်ဂိုဏ်းများ၏ ဌာနချုပ်တွင် လက်နက်ကိုင် လုံခြုံရေးအများအပြား ဖြန့်ကြက်ချထားပြီး ပိတ်မိနေသူများသည် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲမှုများရှိနေကြောင်း MHO အဖွဲ့၏ အထွေထွေအတွင်းရေးမှူးကပြောသည်။

မြန်မာနိုင်ငံကိုအခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများသည် ဖမ်းဆီးထားသူများကို ၎င်းတို့လုပ်ငန်းများလုပ်ကိုင်ရန် ညွှန်ကြားပြီးငြင်းဆန်သူများကို ရိုက်နှက်ခြင်း၊ အမှောင်ခန်းတွင်ထားရှိခြင်း၊ အစား မကျွေးသလို ရေတိုက်ခြင်းလည်း မရှိကြောင်း သိရသည်။

ထို့အပြင် အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများသည် ၎င်းတို့လက်ထဲ ပိတ်မိနေသူများကို လိမ်လည်သည့်လုပ်ငန်းများ ခိုင်းစေပြီး သတ်မှတ်ထားသော စံနှုန်းမျိုး မရဟုဆိုလျှင်လည်း ရက်စက်စွာ အပြစ်ပေးမှုများရှိနေကြောင်း MHO အဖွဲ့ ၏အထွေထွေအတွင်းရေးမှူးက ပြောသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးက ၎င်းတို့အနေဖြင့် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများ၊ ဖမ်းဆီးခံထားရသူများကို ပြန်ကယ်တင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ရာဇဝတ်ဂိုဏ်းများသည် မလေးရှားနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် တစ်လလုပ်ခ ရင်းဂစ် ၁၅၀၀၀ ဖြင့် အလုပ်လုပ်ရမည်ဟု မက်လုံးပေးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း MHO အဖွဲ့ ၏အထွေထွေအတွင်းရေးမှူးကပြောသည်။

Ref;malaymail

Leave a Reply

Your email address will not be published. Required fields are marked *