MT News
Written by Nyein Kyaw
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်း အနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အကုန်တက်နိုင်ရန်လိုအပ်ပြီး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးလိုချင်ပါက တက်ရောက်နိုင်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားသည်။
NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်းအနားအား လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံရေးအနှစ်သာရရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတကာခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားသည်။
“လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအနှစ်သာရရှိရှိ ကျွန်တော်တို့လုပ်ဖို့ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း လက် လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေကိုလည်း ဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့လည်း စာနဲ့ရေးပြီးဖိတ်တာတွေရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့ သူလည်းမလာနိုင်ဘူး။ သို့သော်လည်း အဓိကကျတဲ့ သူတို့ကိုယ်စားလှယ်တွေလာပြီး လွှတ် ပေးမယ်လို့ပြောတာတွေရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်း ဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့တော့ လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာမှုပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ။ ရှေ့ကိုသွားမှာပဲ။ ရသလောက်ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့အားလုံး သံသယရှင်းရှင်း၊ အာဃာတ ကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှူရှူရောက်မယ်ဆိုတာကို တွေ့ပါတယ်။ ဒါလေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိတည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၃/၂၀၂၃) တွင် ပြောကြားထားသည်။
