၂၈.၉.၂၀၂၃
Written By Thandar

ခေတ်ပေါင်းများစွာ ပရိသတ်ရင်ကို သိမ်းပိုက်ခဲ့တဲ့ ဂန္တဝင်အဆိုတော်စိုင်းထီးဆိုင်ရဲ့သမီးဖြစ်သူ ဆိုင်စံက အနုပညာမျိုးရိုး ရှိပေမယ့် အောက်ခြေကနေ ကြိုးစားရတာဆိုတော့ အရမ်းပင်ပန်းခဲ့ကြရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကလေးယူဖို့ Plan မရှိပေမယ့် ခုဟာ ရင်သွေးလေးကတော့ရနေပါပြီ။ နှစ်ယောက်လုံး ကလေးမယူဘူးလို့ ဆုံးဖြတ်ထားတယ်။ အလုပ်တွေ လုပ်လို့လည်း မဝသေးဘူး။ နှစ်ယောက်လုံးက အနုပညာလမ်းကြောင်းမှာ ကြိုးစားပြီးလုပ်ခဲ့ကြတော့ ဂီတလမ်းကြောင်းပေါ် လျှောက်ချင်လို့ ကိုယ်ကလည်း အဖေနာမည်တစ်ခုနဲ့ ချက်ခြင်းထဖြစ်ခဲ့တဲ့သူလည်း မဟုတ်ဘူး။ အောက်ခြေက စကြိုးစားခဲ့ရတယ်။ အနုပညာမျိုးရိုးရှိပေမယ့် အောက်ခြေကနေ ကြိုးစားရတယ်ဆိုတော့ အရမ်းပင်ပန်းခဲ့ကြရတယ်။ နှစ်ယောက်လုံးဘဝတွေက အရမ်းပင်ပန်းခဲ့ရတယ်။ အနုပညာနဲ့ပတ်သက်ရင် အခုချိန်ထိ နေရာတစ်ခု‌ရအောင် အများကြီး ကြိုးစားနေရတုန်းပါပဲ”လို့ တေးသံရှင် ဆိုင်စံက ‌ပြောပါတယ်။

သူမကတော့ ၂၀၂၂ ခုနှစ် ဧပြီလက ကိုဝဏ္ဏ Immortal Band & Studio နဲ့ အတူ ရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။ ဆိုင်စံက လက်ရှိ ရင်သွေး‌လေးရဲ့ကိုယ်ဝန် ၃ လကျော် လွယ်ထားရတာလည်း ဖြစ်ပါတယ်။

“နှစ်ယောက်အတူတူရှိချိန် အေးအေးချမ်းချမ်းနေသွားမယ်။ ကလေးမယူဘူး တွေးထားပေမယ့် ကလေးရသွားတယ်။ ကိုယ့်ရင်သွေးပဲ ယူရတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ညှာကြတာဆိုတော့ မယူဖြစ်တာပေါ့။ နှစ်ယောက်သား ကလေး တအားချစ်တတ်တယ်။ ကိုယ်ကလည်း လိုချင်နေတာဆိုတော့ တကယ်ရင်သွေးလေးရလာတော့ ရတနာပဲပေါ့”လို့ သူမကဆက်ပြောပါတယ်။

ဆိုင်စံက ၂၀၁၅ ခုနှစ်က “အဆုံးအဖြတ်’’သီချင်းခွေ၊ ၂၀၁၇ ခုနှစ်က “ဆုတောင်းတေး” သီချင်းခွေတို့ ထွက်ရှိထားပြီး လက်ရှိ Single Song တစ်ပုဒ်ဆီ ပရိသတ်ဆီ အရောက်ပို့ပေးနေလျှက်ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *