MT News
Written by Min Mahar
သုံးဘီးမောင်းပြီး စျေးဝယ်သွားသောအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သ-တ်ခံရမှု မြင်းခြံမြို့နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ၂၇ ရက် မနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဈေးဝယ်ရန်အတွက် ၎င်းပိုင်သုံးဘီး(လိမ္မော်ရောင်)ဖြင့် တစ်ဦးတည်း သိမ်တိုင်ကျေးရွာမှထွက်ခွာခဲ့ရာ မြင်းခြံ-ဆီမီးခုံသွားကားလမ်း တလုပ်မြို့ကျေးရွာမြောက်ဘက်အနီးသို့ရောက်ရှိစဉ် အမည်မသိ လူ ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး ၎င်းအားသုံးဘီးယာဉ်ပေါ်မှဆွဲချ၍ သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ကာ တလုပ်မြို့ကျေးရွာဘက်သို့ ပြန်လည်ထွက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ၎င်းအမျိုးသားတွင် ဝဲဘက်လည်ပင်းကိုဖောက်ဝင်သွားကာ ယာဘက်ဂျိုစောင်းပြန် ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားသဖြင့် အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံမြို့ပြည်သူ့ဆေးရုံကြီးသို့ ၁၀ နာရီ ၄၅ မိနစ်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖြစ်စဉ်နေရာအနီးမှ အမ်-၂၂ ကျည်ခွံတစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။



