၂၃.၉.၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အောင်ရဲလင်းကတော့ “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲမှာ စကားထစ်တဲ့ကာရိုက်တာနဲ့ သရုပ်ဆောင်ရတာမို့ တကယ်စကားထစ်သွားမလားလို့ မသိစိတ်က စိုးရိမ်မိတယ်လို့ဆိုပါတယ်။

“ရင်ထဲကြွေတဲ့ကြယ်က ဇာတ်လမ်းအမျိုးအစားကတော့ ဒရာမာဇာတ်လေးပါ။ Canal Plus နဲ့ ရိုက်နေတာပါ။ မင်းသားအပြောင်းအလဲတွေတော့ ကျွန်တော် သေချာမသိပါဘူး။ Canal Plus တာဝန်ရှိသူတွေက ပိုသိမှာပါ။ ကိုယ့်ချိတ်တဲ့အချိန်မှာ ဇာတ်လေးကိုကြည့်ပြီး အဆင်ပြေတာနဲ့ ရိုက်ဖြစ်တာပါ။ ကျွန်တော်က စကားထစ်ရတဲ့ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ စကားထစ်ရတာက ကိုယ့်အတွက် Use to ဖြစ်အောင် ဒီကားရိုက်မပြီးမချင်း စကားကိုအမြဲထစ်ပြီးပဲ ပြောနေရတယ်။ အခုဖြေနေရင်ကို စကားပြောရတာ ချောမနေတော့ဘူး။ သေသေချာချာကို လေ့ကျင့်ထားတယ်။ စကားထစ်တာကို ပြီးသွားရင်တော့ ပြန်ဖျောက်ရမှာပေါ့။ အချိန်နည်းနည်းတော့ ပြန်ယူရမယ်။ ကာရိုက်တာ အတွက်ပဲ။ လုပ်စရာရှိတာတော့ ပီပြင်အောင်လုပ်ထားပါတယ်”လို့ သရုပ်ဆောင် အောင်ရဲလင်းက ပြောပါတယ်။

သူဟာ Canal Plus ထုတ်လုပ်ရိုက်ကူးတဲ့ “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲကို အလင်းရောင်၊ အကယ်ဒမီ မင်းဦး၊ နေမျိုးအောင်၊ မင်းသူ၊ တီစော၊ ရဲပီတိ၊ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်၊ ပန်းရောင်ခြယ်၊ ပိုးမမှီသာ၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ရှင်ဖုန်းပြည့်၊ တင်ဇာဝင်းပြည့် စတဲ့သူတွေနဲ့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ပထမတုန်းက မင်းသားပိုင်တံခွန်နဲ့ ရိုက်ကူးဖို့ စီစဉ်ထားပေးမယ့်လည်း မင်းသားအပြောင်းအလဲ ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

“စကားတွေကို အိမ်မှာလည်း ထစ်ပြီးတော့မှ ပြောတယ်။ ကုမ္ပဏီပိုင်ရှင် တစ်ယောက်ဆိုတော့ ဒီကားမှာ ဒေါသထွက်စရာတွေ မပါဘူး။ သဘောအရမ်းကောင်းတဲ့ CEO ပေါ့။ အဲဒီအတိုင်းမှာ အပြင်ဆိုလည်း ဒီအတိုင်းနေဖြစ်ပါတယ်။ ပရိသတ်အတွက် ရသတစ်မျိုးပေးလိုက်မယ်လို့ထင်တယ်။ ကျွန်တော့်အနေနဲ့ စကားထစ်တဲ့ ကာရိုက်တာ ပထမဦးဆုံးရိုက်ဖူးတာပါ။ စကားထစ်တာကို လုပ်ယူတာမျိုးမဟုတ်ဘဲ သဘာဝဆန်ဆန် အဆင်ပြေအောင် ကြိုးစားနေပါတယ်။ တကယ် စကားထစ်သွားမလားလို့ မသိစိတ်က စိုးရိမ်မိတယ်။ ကြည့်တဲ့ပရိသတ်တွေလည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ် ” လို့သူကဆက်ပြောပါတယ်။

အောင်ရဲလင်းဟာ မထက် (Pop Soul) နဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နှစ်ကုန်ပိုင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *