◾ ဆန်စပါးလောကမှ မဟုတ်သောသူများက ငွေထုပ်ပိုက်ကာ မူမမှန်သည့်ဈေးနှုန်းများ ပေးဝယ်မှုများရှိနေ
၂၃. ၉. ၂၀၂၃
Written by Ye Kyaw
လက်ရှိဖြစ်ပေါ်နေသည့် စပါးဈေးနှုန်းများသည် တောင်သူများလက်ဝယ် စပါးမရှိတော့သည့်အချိန်မှ ပြည်တွင်းစားဆန် ဈေးနှုန်းများကို မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန်သည့် ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်ဈေးကစားနေမှုများရှိနေ၍ ထိုက်သင့်သည့်အရေးယူမှုများ ဆောင်ရွက်သွားနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့တွင်ပြုလုပ်သည့် ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ပြောကြားသည်။
ပြည်တွင်း၌ ငွေလဲလှယ်နှုန်းမြင့်တက်မှုနှင့် ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမှုများကို အကြောင်းပြု၍ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်၍ ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခင်က တစ်အိတ် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားသာရှိသည့် ဆန်ကြမ်းအမျိုးအစားများမှာ ကျပ် ၆၀,၀၀၀ ကျော်နှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၇၀,၀၀၀ ဝန်းကျင်မှ ကျပ် ၁၅၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းဆန် ရွှေဘိုပေါ်ဆန်းဆန်အား တစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀ အထိ ဆွဲတင်သွားမည့် အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့မှုများကိုလည်း တွေ့ရှိရကြောင်း ဆန်စပါးအသင်းချုပ်မှ သိရသည်။
“တချို့ကလည်း မူမမှန်တဲ့ဈေးတွေ ပေးပြီးဝယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ တခြားရည်ရွယ်ချက်တွေရှိပါတယ်။ ကျွန်တော်တို့သိပါတယ်။ ပြောလို့မကောင်းပါဘူး။ ရွှေဘိုပေါ်ဆန်း စပါးဈေး သိန်း ၃၀ ဆိုလည်းဝယ်။ သိန်း ၄၀ ဆိုလည်း ဝယ်တယ်။ သိန်း ၄၀ ဖြစ်နေတဲ့အချိန်မှာတောင် ဈေးကို ဝင်ပြီးတော့ ထပ်တက်အောင်ဝယ်တဲ့သူတွေရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးဧက ၁၅ သန်းကျော်နှင့် နွေစပါးဧက ၂ သန်းကျော်စိုက်ပျိုးလေ့ရှိပြီး မိုးစပါးစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၇၀ ဝန်းကျင်ရှိသည့်အနက် ရွှေဘိုပေါ်ဆန်းစိုက်ဧက ၁၃ သိန်းကျော်ရှိသဖြင့် မိုးစပါးပေါ်ချိန် စပါးဈေးနှုန်းများထိန်းညှိနိုင်မှသာ ပြည်တွင်းဆန်စျေးနှုန်းများလည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
နယ်မြေအေးချမ်းမှုမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း နိုင်ငံရေးအခင်းအကျင်းများ စတင်ပြောင်းလဲခဲ့သော ၂၀၂၁ ခုနှစ်မှစတင်၍ မိုးစပါးရိတ်သိမ်းသည့်ရာသီမှ လက်ရှိအချိန်အထိ သုံးနှစ်အတွင်း ရွှေဘိုပေါ်ဆန်းထုတ်လုပ်မှုသည့် အနည်း ငယ်သာ လျော့ကျခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင် ဒေါ်လာဈေးနှုန်း အမြင့်ဆုံးမြင့်တက်ချိန်နှင့် ယခင်နှစ်စပါးဈေးပေါ်ချိန်များတွင် ရွှေဘိုပေါ်ဆန်းစပါး ၁၇ သိန်းဝန်းကျင်နှင့် ဧည့်မထဆန်စပါးဈေး ၁၃ သိန်းဝန်းကျင်သာရှိခဲ့သော်လည်း ဆန်စပါးကဏ္ဍမှ မဟုတ်သော ကုန်သည်၊ အကျိုးဆောင် (ပွဲစား) များက စပါးဈေးကျနေချိန် တောင်သူများထံမှဝယ်ယူပြီး သတင်းအမှားများ ပြန်လည်ထုတ်လွှင့်ကာ အမြင့်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။
“ဒီလိုအနေအထားမျိုးတွေကို စည်းရုံးတာတို့၊ ပညာပေးတာတို့၊ မလုပ်ဖို့တားမြစ်တာတို့၊ လုပ်ဆောင်မှုအပေါ်ကြည့်ပြီး အစိုးရဘက်ကို တင်ပြတိုင်တန်းတာတို့ကို မလုပ်လို့မရပါဘူး။ ကျွန်တော်တို့လည်း တော်ရုံဆိုမလုပ်ချင်ပါဘူး။ စပါးဈေးငွေထုပ်ပိုက်ပြီး လိုက်ဝယ်နေတဲ့သူတွေကလည်းရှိပါတယ်။ ဒါတွေက တကယ်ရှိပါတယ်။ ဒါတွေက မဖြစ်သင့်တဲ့အနေအထားတွေဖြစ်တယ်။ တောင်သူတွေကိုယ်တိုင်က ဆန်ပြန်ဝယ်စားရတာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ဆန်စပါးဈေးနှုန်းကစားသူများကို အရေးယူဆောင်ရွက်ရာတွင် အခြားသော စက်သုံးဆီ၊ စားသုံးဆီ ကဏ္ဍများကဲ့သို့ ကိုင် တွယ်ဖြေရှင်း၍မရဘဲ ၎င်းတို့ကိုယ်တိုင် သိရှိနားလည်ပြီး တောင်သူအကျိုး၊ စားသုံးသူအကျိုး၊ မိမိအကျိုး စသည့် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား ဆောင်ရွက်လာနိုင်ရေးကို စည်းရုံးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပညာပေး၊ စည်းရုံးမှုများဖြင့် မရရှိပါက အရေးယူမှုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဆန်စပါးလုပ်ငန်းနဲ့ အခြားလုပ်ငန်းနဲ့ မတူပါဘူး။ အခြားလုပ်ငန်းတွေဆိုတာ စက်သုံးဆီတို့၊ စားအုန်းဆီတို့ ဆိုတာက နိုင်ငံတော်ကနေ ထောက်ပံ့ပေးထားတာ။ ငွေလဲနှုန်းကို သက်သာတဲ့ဈေးနဲ့ ဈေးသက်သာစေချင်တဲ့အတွက် ငွေလဲနှုန်းကို ၂၁၀၀ ကျပ်နဲ့ ပေးထားတယ်။ ၂၉၂၀ နဲ့ ပေးထားတယ် စသဖြင့်ပေါ့။ ဒီလိုမျိုးထောက်ပံ့မှုတွေ ပေးထားပြီး ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ယခု ၂၀၂၃ ခုနှစ်တွင် ထွက်ရှိသည့် မိုးစပါးများအပေါ် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စပါးကုန်သည်များအနေဖြင့် ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်းနှင့် ဧရာမင်း/ ဧရာပဒေသာစပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
