၂၃.၉.၂၀၂၃
Written by Peya
ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းကို KNU/PDF က မိုင်းခွဲဖျက်ဆီးခဲ့သော်လည်း အကြီးအကျယ် ပျက်စီးခြင်းမရှိ၍ ဝန်လျှော့ကာ ကားများ ဖြတ်သန်းခွင့်ပေးနေပြီး ပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က စက်တင်ဘာလ ၂၃ ရက်တွင် MT News သတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်း၊ မိုင်တိုင်အမှတ် ၁၂ မိုင် ၄ ဖာလုံရှိ တံတားအမှတ်(၂/၁၃) ကို KNU/PDF အဖွဲ့များက ယမန်နေ့ စက်တင်ဘာ ၂၂ ရက် နံနက်စောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“တံတား အရှည်က ၄၂ ပေ ရှည်ပါတယ်။ အကျယ်ကတော့ ပေ ၄၀ ပါ။ အလယ်က ကွန်ကရစ်တိုင်ကို ဝါးလှေကားနဲ့ ထောင်ပြီး မိုင်းခွဲတာ ဖြစ်ပါတယ်။ ဝါးလှေကား ကျန်ခဲ့တာ တွေ့ရပါတယ်။ ဘားအံဘက်ခြမ်းကတိုင် နည်းနည်းအက်ကွဲသွားတယ်။ တန်ဝိတ်လျှော့ပြီးတော့ သွားလာမှုကတော့ ရပါသေးတယ်။ တံတားရဲ့ ခံနိုင်ဝန်က တန် ၆၀ ဆိုတော့ အခု တန် ၄၀ လောက် လျှော့ချပြီး အဲ့ဒီ တံတားကို ဖြေးဖြေးလေးမောင်းပြီး လမ်းဦးစီးဌာနက ပြုပြင်ဖို့ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးက ဆိုသည်။
ယခင်ကလည်း အဆိုပါလမ်းပိုင်းတွင် တံတားတစ်စင်း မိုင်းခွဲခံရစဉ်က တံတားမိုင်းခွဲခံရမှန်းမသိဘဲ ဖြတ်မောင်းသည့် ကားတစ်စီး ထိုးကျခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားရပြီး ယခုတံတားမှာမူ ထိခိုက်ပျက်စီးမှုက မပြောပလောက်ကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။


