၂၁. ၉. ၂၀၂၃
Written by Min Mahar
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား အမည်မသိအမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွား၍ ဒဏ်ရာရရှိမှု ကြို့ပင်ကောက်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် (ယမန်နေ့) ညနေ ၄ နာရီ ၂၀ ခန့်က ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာအုပ်စု၊ မြို့တွင်းကျေးရွာတွင် နေထိုင်သည့် အသက် ၆၄ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မြို့တွင်းကျေးရွာမှ အလယ်ကုန်းကျေးရွာရှိ ၎င်းပိုင် စိုက်ပျိုးရေးဆေးဆိုင်သို့မောင်းနှင်သွားစဉ် မြို့တွင်းကျေးရွာအထွက်အရောက် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ် ၁ စီးဖြင့် အမည်မသိ အမျိုးသား ၂ ဦးအနက် အနောက်က လိုက်ပါလာသည့်သူမှ သေနတ်အတိုဖြင့်ပစ်ခတ်ခဲ့ပြီး အလယ်ကုန်းကျေးရွာဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးတွင် ဝမ်းဗိုက်ကို ကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အလယ်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သွားသည့် အမျိုးသား ၂ ဦးအား နယ်မြေခံရဲခန်းတွင် (ပ)၅၆/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
