၂၁. ၉. ၂၀၂၃
Written by Min Mahar
ဗန်းမော်မြို့နယ်တွင် PDF/KIA တို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၂ ဦးတို့ဒဏ်ရာရရှိမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ထွက်ခွာလာသော ပင်လုံရေယာဉ် ၁ စီး၊ တွဲရေယာဉ် ၃ စီး၊ စစ်ရေယာဉ် ၁ စီး၊ ကမ်းထိုးယာဉ် ၁ စီး၊ စုစုပေါင်း ရေယာဉ် ၆ စီး တို့သည် ယမန်နေ့ (စက်တင်ဘာ၂၀ ရက်) ညနေ ၆ နာရီခန့်က ဗန်းမော်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးသို့ဖြတ်သန်းမောင်းနှင်စဉ် PDF/KIA များမှပစ်ခတ်လိုက်ရာ ၎င်း လက်နက်ကြီးကျည်သည် ညောင်ပင်သာကျေးရွာတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်အမျိုးသားနေအိမ်ရှေ့သို့ ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့၍ ၎င်းအမျိုးသားတွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူမှာမူ ယာပေါင်ရိုးကျိုးဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အသက် ၂၇ နှစ်အရွယ်သမီးဖြစ်သူတွင် ယာဘက်လက်ပြင်ဗုံးသီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဒဏ်ရာရှိသူအမျိုးသမီး ၂ ဦးအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသလျက်ရှိပြီး အလောင်းအား ညောင်ပင်သာကျေးရွာတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
