၈. ၉. ၂၀၂၃

Written by Naing Thuta

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဲပြင်တိုက်ကျောင်း ရွှေသာလျောင်းဘုရား အဆောက်အဦးပြိုကျမှု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၀) ရပ် ကွက်၊ သဲပြင်ကျောင်းတိုက်၊ ရှင်ပင်ချမ်းသာ မိုးကောင်းမြတ်စွာဘုရားဝန်းအတွင်း တည်ထား ကိုးကွယ်ထားရှိသော ဉာဏ်တော် ပေ ၅၀ ခန့်၊ ဉာဏ်တော်အလျား ၁၁ ပေခန့်ရှိ ရွှေသာလျောင်းဆင်းတုတော်သည် စက်တင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှစ်ကာလကြာမြင့်လှပြီဖြစ်သည့်စေတီတော်၏ အနောက်ဘက် မုခ်ဦးဘက်အခြမ်းမှအုတ်များ ကွာကျ ပျက်စီးသွားခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

ထိုသို့ ပြိုကျပျက်စီးမှုကြောင့် ဆုံးရှုံးသွားသော ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၀၀ ခန့်ဖြစ်ပြီး ၎င်းစေတီတော်အား လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်မှ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ၁၉၆၈ ခုနှစ်ကလည်း သဘာဝဘေးအန္တရာယ်ကြောင့် စေတီတော်၏ အုတ်နံရံများ ပြိုကျပျက်စီးခဲ့သည့်အတွက် ပြန်လည်မွမ်းမံပြင်ဆင်ထားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါဘုရားပြိုကျမှုနှင့်ပတ်သတ်၍ ပြိုကျပျက်စီးသည့် စေတီတော်သို့ မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက် သဲပြင်ကျောင်းတိုက်ဆရာတော် ဉူးဣန္ဒိယ ဦးစီး၍ ဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းဖွဲ့တို့မှ ဝိုင်းဝန်း၍ ပြိုကျပျက်စီးသွားသော စေတီအနီးတစ်ဝိုက်တွင် အပျက်အစီးများကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *